တောင်သူများ ချေးငွေထုတ်ယူရာတွင် တခြားသူတဦးမှ အာမခံပေးရသည့် စနစ်အစား ကိုယ်တိုင်အာမခံ ဖြင့်ချေးငွေ ထုတ်ယူနိုင်ရေး ဥပဒေပြင်ဆင်ရန် သူရဦးရွှေမန်း ဦးဆောင်သည့် ပြည်ထောင်စုု လွှတ်တော်ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်က ယနေ့ လွှတ်တော်အစည်းအဝေးတွင် အကြံပြု တင်ပြ ကြောင်း သိရှိရသည်။
ကော်မရှင် ဒုဥက္ကဌ ၂ ဒေါက်တာသန်းဝင်းက ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ် တော်အစည်းအဝေး တွင် ပြဌာန်းပြီးဖြစ်သည့် ဥပဒေ ၄ ရပ်မှ ပြင်ဆင်ပယ်ဖျက်ရန် လိုအပ်သည့်အချက်များကို အကြံပြုတင်ပြရာ တွင် ထည့်သွင်း ပြောကြားခြင်းဖြစ်သည်။
တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေတွင် ချေငွေထုတ်ချေး ခြင်းနှင့် ပတ်သက်၍ နည်းဥပဒေ ၂၃ တွင် တောင်သူလယ်သမားတဦးကို အာမခံတဦးစီဖြင့် ထုတ်ချေးခြင်း၊ ပြန်ဆပ်ခြင်း ကိုပြဌာန်းထားပြီး ယင်းကန့်သတ်ချက်ကိုပယ်ဖျက်ကာ တောင်သူလယ်သမားတဦးချင်း ကိုယ်တိုင်အာမခံ သည့် စနစ်ဖြင့် အစားထိုးပြင်ဆင်ရန် ပြောခဲ့သည်။
လယ်ယာမြေဥပဒေအတွက် ၁၀ ချက်အကြံပြုခဲ့ရာတွင် လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုရာတွင် သတ်မှတ် ကာလအတွင်း အသုံးမပြုသည့်မြေများကို သိမ်းယူရန်မသင့်သဖြင့် ဥပဒေနှင့် နည်းဥပဒေများပါ ပြဌာန်းချက်များ ကို ပြင်ဆင်ရန်နှင့် ပုဒ်မ ၃၂ အရ နိုင်ငံတော်စီမံကိန်းများအတွက် သိမ်းယူသည့်မြေယာများ ကို စီမံကိန်းများ ဆောင်ရွက် ခြင်း မပြုတော့ပါက မူလလုပ်ကိုင်ခွင့်ရှိသူတောင်သူများကို ပြန်လည်ပေးအပ်ရန် ပြဌာန်းထားသော်လည်း နည်းဥပဒေ ၉၆၊ ၉၇၊ ၉၈ တို့တွင် ဖော်ပြပါရှိခြင်းမရှိသဖြင့် ဖြည့်စွက်ထည့်သွင်းရန် ပြောကြားသည်။
မြေလွတ်၊ မြေလတ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေကိုမူ အချက် ၃ ချက် အကြံပြုတင်ပြခဲ့ပြီး ရှေ့ဟောင်း အဆောက် အအုံများ ကာကွယ်ထိန်းသိမ်းရေးဥပဒေတွင် ရှေ့ဟောင်းအဆောက်အအုံ စစ်မှန်ခြင်း ရှိမရှိ စစ်ဆေးသည့်အဖွဲ့နှင့် ပညာရှင်အဖွဲ့ဖွဲ့ရာတွင် တိကျရန်လိုအပ်ကြောင်း၊ ကော်မရှင်အနေဖြင့် နိုင်ငံအတွက် ဦးစားပေးပြဌာန်းရန် လိုအပ်သည့် ဥပဒေ ၄၈ ခုကိုလည်း စက်တင်ဘာ ၁၂ ရက်နေ့က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ အကြံပြုတင်ပြခဲ့ကြောင်း သိရှိရသည်။