သတင်းတို

ရေးမြို့ မီးလင်းရေး တရုတ်ချေးငွေ မယူရန် အစိုးရသစ် ဆုံးဖြတ်

မွန်ပြည်နယ်တွင် မီးလင်းရန် ကျန်ရှိနေသည့် ရေးမြို့အတွက် ယခင်အစိုးရက တရုတ်နိုင်ငံ EXIM ချေးငွေဖြင့် ဆောင်ရွက်ရန် စီစဉ်ခဲ့ သော်လည်း NLD အစိုးရသစ်ကမူ ယင်းချေးငွေကို ပယ်ဖျက်၍ ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးဘဏ်၏ ချေးငွေဖြင့် ဆောင် ရွက်ရန် ဆုံးဖြတ် လိုက်ကြောင်း လျှပ်စစ်နှင့် စွမ်းအင် ၀န်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာ ထွန်းနိုင်က ယနေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေး ပြောသည်။

တရုတ်နိုင်ငံ EXIM ချေးငွေဖြင့် ဆောင်ရွက်မည့် မီးလင်းရေး စီမံကိန်း၏ ကုန်ကျစရိတ်မှာ အတိုးနှုန်း အပါအဝင် အမေရိကန် ဒေါ်လာ သန်းပေါင်း ၁၈၀ ဒသမ ၀၁၇ သန်း ဖြစ်ပြီး ဆိုင်းငံ့ကာလ ၅ နှစ်၊ ပြန်ဆပ်ကာလ ၁၀ နှစ်၊ အတိုးနှုန်းမှာ ၂ ရာခိုင်နှုန်း ဖြစ်ကြောင်း၊ ချေးငွေ ဆိုင် ရာ လုပ်ထုံးလုပ်နည်းများအရ အချိန်ကြန့်ကြာခြင်း၊ အတိုးနှုန်းများခြင်းနှင့် တရုတ်နိုင်ငံထုတ် ကုန်ပစ္စည်းများ ကိုသာ ဦးစားပေး ၀ယ်ယူရ ခြင်းတို့ကြောင့် စီမံကိန်းကို တရုတ်ချေးငွေဖြင့် ဆက်လက်ဆောင်ရွက်ရန် မသင့် တော်ဟု ဆုံံးဖြတ်လိုက်ရခြင်း ဖြစ်သည်ဟု သိရသည်။

မူလက တရုတ်နိုင်ငံ EXFM ဘဏ် ချေးငွေနှင့် ဆောင်ရွက်ရန် လျာထားခဲ့ပြီး ချေးငွေဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရ တရုုတ်ကုမ္ပဏီ ၃ ခုသို့ ၂၀၁၅ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့က တင်ဒါခေါ်ယူခဲ့ပြီး ဖြစ်သည်ဟု သိရသည်။

“အတိုးနှုန်း သက်သာပြီးတော့ ပစ္စည်းတွေကို ၀ယ်ယူရမှာ ကန့်သတ်ချက်မရှိတဲ့ ADB နဲ့ World Bank ကဲ့သို့သော ချေးငွေများဖြင့်သာ ဆောင်ရွက်ရန် ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြခဲ့ပြီး ဖြစ်ပါတယ်”ဟု ဒေါက်တာ ထွန်းနိုင်က ပြောသည်။

ဓာတ်အားလိုင်း စီမံကိန်း ၃ ခုအတွက် လျာထားချေးငွေ အမေရိကန်ဒေါ်လာ ၅၀၀ အောက် အဆိုပြုလွှာ ပေးပို့ရန် အစိုးရသစ်က ဆုံး ဖြတ်သဖြင့် ADB ဘဏ်ထံသို့ အဆိုပြုလွှာ ပေးပို့ခဲ့ရာ ၂၃၀ ကေဗွီ မော်လမြိုင်-ရေး-ထားဝယ် ဓာတ် အားလိုင်းနှင့် ဓာတ်အားခွဲရုံ စီမံ ကိန်းအတွက် အတိုးနှုန်းမပါ တွက်ချက်ထားသည့် ခန့်မှန်းကုန်ကျစရိတ်မှာ အမေရိကန် ဒေါ်လာ သန်းပေါင်း ၁၀၃ ဒသမ ၄၀၀ သန်းသာ ရှိကြောင်း သိရသည်။

“ADB ရဲ့ အတိုးနှုန်းက ဆိုင်းငံ့ကာလ ၈ နှစ်အတွင်း ၁ ရာခိုင်နှုန်းနဲ့ ပြန်ဆပ်ကာလ ၂၄ နှစ်အတွင်း ၁ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်ပါတယ်”ဟု ဒေါက်တာထွန်းနိုင်က လွှတ်တော်တွင် ပြောသည်။

၂၃၀ ကေဗွီ မော်လမြိုင်-ရေး-ထားဝယ် ဓာတ်အားလိုင်း စီမံကိန်းအတွက် ချေးငွေရရှိရန် ADB က မိတ်ဘက် ငွေချေးမည့်သူကုုိ ရှာဖွေ ပေးမည့် အကြောင်း ပြန်ကြားခဲ့သည်ဟု သိရသည်။

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အောင်ထွန်းခိုင်က “မွန်ပြည်နယ် အတွင်းရှိ ကျန်မြို့နယ်များ အားလုံး မီးရရှိပြီး ဖြစ်သော်လည်း ရေးမြို့နယ် တမြို့နယ်တည်းသာ မရရှိသေးသောကြောင့် လာမည့် ဘဏ္ဍာနှစ်အတွင်း မဟာဓာတ် အားလိုင်းမှ လျှပ်စစ်မီး သွယ်တန်းပေးရေး အစီအစဉ် ရှိ/မရှိ မေးခွန်းကို ယနေ့ ကျင်းပသည့် လွှတ်တော်တွင် မေးမြန်းခဲ့သည်။

Loading