သတင်းတို

အမေရိကန်သမ္မတလောင်း စကားစစ်ထိုးပွဲ၊ ဟီလာရီ အသာရ

Want create site? Find Free WordPress Themes and plugins.

အမေရိကန်သမ္မတလောင်း နှစ်ဦးရဲ့ ပွဲဦးထွက် စကားအခြေအတင်ပြောဆိုပွဲ “Presidential Debate”ကို မနေ့ညက ပြုလုပ်ရာမှာ ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်း ဟီလာရီကလင်တန်က ၆၂ ရာခိုင်နှုန်း၊ ရီပတ်ဗလီကန်ပါတီ သမ္မတလောင်း ဒေါ်နယ်ထရမ် ၂၇ ရာခိုင်နှုန်းရရှိကာ ဟီလာရီကလင်တန်က အသာစီးရခဲ့ပါတယ်။

မိနစ်၉၀ ကြာမြင့်တဲ့ စကားအခြေအတင်ပြောခဲ့တဲ့ပွဲမှာ ပထမပိုင်း ဒေါ်နယ်လ်ထရမ့်က ဟီလာရီကလင်တန်ကို အီရတ်စစ်ပွဲ၊ IS အကြမ်းဖက်အဖွဲ့၊ ကုန်သွယ်ရေးပေါ်လစီနဲ့ နိုင်ငံခြားရေးဝန်ကြီး တာဝန်ထမ်းဆောင်စဉ်က သူမရဲ့ ပုဂ္ဂလိက e-mail ကို အသုံးပြုပြီး စာတွေပို့ခဲ့တဲ့ ကိစ္စတွေကို ပြောဆိုပြီး ကလင်တန်အပေါ်မှာ အသာစီးရယူခဲ့ပါတယ်။

ဒါပေမယ့်လည်း ဟီလာရီ ကလင်တန်က ဒေါ်နယ်လ်ထရမ့် အခွန်မဆောင်တဲ့ကိစ္စ၊ သူ့ရဲ့ကျဉ်းမြောင်းတဲ့အမျိုးသားရေးဝါဒ (Racism) နဲ့ Gender ကိစ္စတွေကို ပြန်လည်ပြီးမေးခွန်းထုတ်တဲ့ အခါမှာတော့ ဒေါ်နယ်လ်ထရမ့်ဟာ ပြန်လည်ချေပဖို့ အား နည်းခဲ့တယ်လို့ အမေရိကန်သတင်းစာကြီးတွေနဲ့ မီဒီယာတွေက သုံးသပ်ခဲ့ပါတယ်။

အဲဒီလို အခြေအတင်ပြောနေချိန်မှာ ဒေါ်နယ်လ်ထရမ့်က ဟီလာရီကလင်တန်နဲ့ မိသားစုအတွက် ဆိုးဆိုးဝါးဝါးဖွင့်ချ ပြော စရာရှိတယ်လို့ ပရိတ်သတ်ကြီးကို ပြောချလိုက်ပါတယ်။ ဒါပေမယ့်ချက်ခြင်း “ငါပြောလို့ မဖြစ်ဘူး။ မဖြစ်ဘူး” ဆိုပြီး သူက သူပြောမယ့် စကားကို ပြန်ထိမ်းသွားခဲ့ပါတယ်။

ပွဲအပြီးမှာ ဒေါ်နယ်လ်ထရမ့်က သူပြောချင်တဲ့စကားက သမ္မတဟောင်း ဘီလ်ကလင်တန်ရဲ့ အိမ်ထောင်ရေး အရှုပ်တော်ပုံ တွေကို ပြောချင်တာဖြစ်တဲ့အကြောင်း၊ ဒါပေမယ့် ပရိတ်သတ်ထဲမှာ ကလင်တန် ဇနီးမောင်နှံရဲ့ သမီး Chelsea ထိုင်နေတဲ့ အတွက် မပြောဖြစ်တာဖြစ်တဲ့ အကြောင်းပြောဆိုသွားပါတယ်။

ကလင်တန်က ဒေါ်နယ်လ်ထရမ့်ကို ခပ်ရူးရူး၊ ခပ်ပေါပေါ စကားတွေလျှောက်ပြောဖို့ ဒီလိုမျိုး debate ကို ဝင်တာ မဟုတ်လားလို့ သာသာလေး တွယ်လိုက်တော့ ပရိတ်သတ်က သဘောကျသွားခဲ့ပါတယ်။

အမေရိကန်ရွေးကောက်ပွဲကို လာမည့် နို၀င်ဘာလ ၈ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်။

အမေရိကန်သမ္မတလောင်း ၂ ဦးရဲ့ စကားအခြေအတင်ပြောဆိုပွဲ “Presidential Debate”ကို အားလုံးက စိတ်ဝင်တစား စောင့်ကြည့်အားပေးကြသလို သြဇာကြီးမားတဲ့ နယူးယောက်ခ်တိုင်းမ်း သတင်းစာကြီးကတော့ သူ့ရဲ့ အယ်ဒီတာ့ အာဘော် မှာ ကလင်တန်ကို သမ္မတအဖြစ် ရွေးချယ်ဖို့ ထောက်ခံရေးသားထားပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading