မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ကျင်းပသော ရွေးကောက်ပွဲမဲရလာဒ်များအရ ကော်မတီဝင်လောင်းများ၏ အမည်စာရင်းများထုတ်ပြန်လုုိက်ပြီဖြစ်သော်လည်း ရွေးကောက်ခံ အနုုိင်ရ ကော်မတီဝင်များကိုု ကန့်ကွက်လွှာ တင်သွင်းမှု တစုုံတရာ မရှိသေးကြောင်း မန္တလေးမြို့တော်စည်ပင် သာယာရေး ကော်မတီဝင်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှုး ဦးဇော်တင်မိုးက ဧရာဝတီသို့ပြောသည်။
“အမည်စာရင်းကြေညာပြီး တပတ်အတွင်း ကန့်ကွက်နိုင်ပါတယ်။ ဒါပေမဲ့ ခုထိတော့ မြို့နယ်ကော်မရှင် တွေဆီမှာလည်း ကန့်ကွက်လွှာတွေ မရောက်သေးပါဘူး” ဟု ၄င်းက ပြောသည်။
စက်တင်ဘာ ၂၅ ရက်က ပြုလုပ်ခဲ့သည့် မန္တလေးမြို့တော်စည်ပင်ကော်မတီဝင်လောင်း ရွေးကောက်ပွဲပြီး နောက် မဲရလာဒ်များအား ညပိုင်းတွင် မန်းစည်ပင်ကော်မတီဝင်လောင်းရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့ပြီး ကန့်ကွက်လိုသူများရှိပါက တပတ် အတွင်း ကန့်ကွက်နိုင်ကြောင်းအား ကြေညာခဲ့သည်။
မဲရလာဒ်များကြေညာပြီး စက်တင်ဘာ ၂၆ ရက် ညနေ ၅ နာရီအထိ ရွေးကောက်ပွဲနှင့် ပတ်သတ်၍ ကန့်ကွက်လွှာများ လက်ခံရရှိမှု မရှိသေးကြောင်း ကော်မရှင်အတွင်းရေးမှုးဦးဇော်တင်မိုးက အတည်ပြု ပြောကြားသည်။
ကော်မရှင်၏ ထုတ်ပြန်ချက်အရ မန္တလေးစည်ပင် ၆ မြို့နယ်အတွင်းက ရွေးကောက်တင်မြှောက်ခံရသည့် ကော်မတီဝင်လောင်းများမှာ အောင်မြေသာစံမြို့နယ်အတွက် ဦးခိုင်မြင့်(ခ)ဦးမောင်မောင်၊ ချမ်းအေး သာစံမှ ဦးကျော်ဇေယျ၊ မဟာအောင်မြေမှ ဦးကျော်ဇောအောင်၊ ချမ်းမြသာစည်မြို့နယ်မှ ဦးဇော်မျိုးလွင် (ခ)ကိုမိုး၊ ပြည်ကြီးတံခွန်မှ ဦးစောဟန်၊ အမရပူရမြို့နယ်မှ ဦးရဲမွန်တို့ ဖြစ်ကြောင်း သိရသည်။
မန္တလေးစည်ပင်ရွေးကောက်ပွဲတွင် ကော်မတီဝင်လောင်းတချို့၏ မဲဆွယ်စည်းရုံးရေးနှင့် ပတ်သတ်ပြီး လက်ရှိအာဏာရ ပါတီနှင့် ဆက်စပ်သည့် ပုံစံများဖြင့် မဲဆွယ်မှုများရှိသောကြောင့် မြို့ခံများက ဝေဖန်မှုများ ရှိခဲ့သည်။
အစိုးရသစ်လက်ထက်တွင် မန္တလေးမြို့တော်စည်ပင်သာယာရေးနယ်နိမိတ် ၆ မြို့နယ်အတွက် မြို့ပြ ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ကိုင်မည့် ကော်မတီဝင်များအား ရွေးကောက်ပွဲမှ ၆ ဦး၊ တိုင်းအစိုးရအဖွဲ့မှ တိုက်ရိုက် ခန့်အပ် ၅ ဦး၊ စုစုပေါင်း ကော်မတီဝင် (၁၁) ဦးအား ရွေးချယ် တာဝန်ပေးအပ်သွား မည်ဖြစ်ကြောင်း သိရှိရသည်။