သတင်းတို

မန္တလေးတိုင်းအစိုးရ အာမခံချက်များကုုိ စောင့်ကြည်မည့် လွှတ်တော်ကော်မတီဖွဲ့စည်း

မန္တလေးတုုိင်းဒေသကြီး လွှတ်တော်တွင် အစိုးရအဖွဲ့က ပေးအပ်ထားသည့် ကတိကဝတ်များအတိုင်း အမှန်တကယ် လုပ်ဆောင်ခြင်း ရှိ၊မရှိအား စောင့်ကြည့်တင်ပြနိုင်ရန် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီအား စက်တင်ဘာ ၂၇ ရက်နေ့ကျင်းပသည့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်တွင် အတည်ပြုဖွဲ့စည်းလိုက် သည်။

“ကိုယ့်ပါတီ၊ ကိုယ့်အစိုးရဖြစ်ပေမယ့် လွှတ်တော်ကနေ Check and Balance လုပ်လို့ရအောင်၊ အစိုးရကို စောင့်ကြည့် လို့ရအောင် ဒီကော်မတီဖွဲ့စည်းဖို့ လိုအပ်ပါတယ်” ဟု မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဌ ဒေါက်တာ ခင်မောင်ဌေးက ပြောသည်။

ယခုဖွဲ့စည်းလိုက်သည့် ကော်မတီက တိုင်းလွှတ်တော်တွင် ကိုယ်စားလှယ်များက တင်ပြသွားသည့် အဆိုများ၊ မေးခွန်းများနှင့် ပတ်သတ်၍ သက်ဆိုင်ရာ တိုင်းအစိုးရအဖွဲ့ဝင်များက ပြန်လည်ဖြေကြားပြီး ၄င်းဖြေကြားချက်များအား အမှန်တကယ်အစိုးရအဖွဲ့က လုပ်ဆောင်ခြင်းရှိ၊မရှိအား စောင့်ကြည့်စိစစ် သွားမည်ဟု ဆိုသည်။

ကော်မတီ၏ ဥက္ကဌအဖြစ် ပြင်ဦးလွင်မြို့နယ်မဲဆန္ဒနယ် အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်း၊ အတွင်းရေးမှုး ဗိုလ်မှုး/ဗိုလ်ကြီးအောင်မင်းထွေးနှင့် အဖွဲ့ဝင် ၈ ဦးတို့ဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် တိုင်းဒေသကြီးလွှတ်တော်တွင် အတည်ပြုခဲ့သည့် အစိုးရအကူးအပြောင်းတွင် ဖွံ့ဖြိုးရေးစီမံကိန်း များအဖြစ် မြေယာများ ချထားမှုအား စိစစ်ပေးရေးအဆိုနှင့် ပတ်သက်၍ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က စုံစမ်း စစ်ဆေးအဖွဲ့ဖွဲ့ကာ စစ်ဆေးသွားမည်ဆိုသော်လည်း ကြန့်ကြာမှုများ ရှိသောကြောင့် လွှတ်တော်က သတိပေး တိုက်တွန်းရသည့်အခြေအနေများရှိခဲ့ကြောင်း ပြည်သူရေးရာ ကော်မတီအဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

မန္တလေးတိုင်းဒေသကြီးလွှတ်တော်တွင် ယခုအသစ်ဖွဲ့စည်းလိုက်သည့် ကော်မတီအပါအဝင် ကော်မတီ ပေါင်း ၁၄ ခုရှိပြီး ကော်မတီတိုင်းတွင် တပ်မတော်သားကိုယ်စားလှယ်တဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်တဦးစီတို့ဖြင့် ဖွဲ့စည်းထားသည်ဟု ၄င်းက ပြောသည်။

မန္တလေးတိုင်းလွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ် ၄၈ ဦး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၈ ဦး၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)မှ ၁ ဦး၊ တပ်မတော်သားကိုယ်စားလှယ် ၁၉ ဦးဖြင့် စုစုပေါင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ရ၆ ဦးရှိသည်။

Loading