သတင်းတို

ဒု ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် အမေရိကန် ဒုဗိုလ်ချုပ်ကြီး အန်ထော်နီတို့ တွေ့ဆုံ

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် မြန်မာနိုင်ငံတွင် ရောက်ရှိနေသည့် အမေရိကန် ပစ္စဖိတ်ဌာနချုပ် (US Pacific Command-PACOM)မှ ဒုတိယ ဗိုလ်ချုပ်ကြီး အန်ထော်နီ ခရပ်ချ်ဖီးလ်ဒ်တို့ မနေ့က နေပြည်တော်တွင် တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် တပ်မတော်၏ အခန်းကဏ္ဍ၊ စစ်ဘက်အရပ်ဘက် ဆက်ဆံရေး အခြေအနေ၊ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်နှင့် လတ်တလောဖြစ်ပွားနေသည့် တိုက်ပွဲများ၊ ကချင်ပြည်နယ်ရှိ IDP စခန်းများ၏ ပကတိအခြေအနေများ၊ မြန်မာ-အမေရိကန် တပ်မတော်နှစ်ရပ် အကြား ဆက်ဆံရေးအခြေအနေများကို ဆွေးနွေးကြောင်း မြဝတီသတင်း၌ ဖော်ပြထားသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး အန်ထော်နီ ခရပ်ချ်ဖီးလ်၏ ယခုတခေါက် မြန်မာနိုင်ငံခရီးစဉ်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ခြင်းမရှိပေ။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ဇူလိုင်လက ဒု ဗိုလ်ချုပ်ကြီး အန်ထော်နီ ခရပ်ချ်ဖီးလ်ဒ် ဦးဆောင်သည့် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်စဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးများနှင့် တွေ့ဆုံပြီး နှစ်နိုင်ငံ စစ်တပ်ချင်း ဆက်ဆံရေး တိုးမြင့်ဖို့ ဆွေးနွေးခဲ့ကြသေးသည်။

ထိုတွေ့ဆုံမှုအတွင်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးတည်ဆောက်မှု၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် တပ်မတော်၏ မြေယာစွန့်လွှတ်မှုများကို နှစ်ဦးနှစ်ဖက်ဆွေးနွေးကြ သော်လည်း အမေရိကန် စစ်တပ်အနေဖြင့် မြန်မာစစ်တပ်ကို တိုက်ခိုက်ရေးဆိုင်ရာ သင်တန်းပေးဖို့ မရှိသလို စစ် လက်နက်ပစ္စည်း ထောက်ပံ့ပေးတဲ့ ဆက်ဆံရေးမျိုးလည်း ရှိမှာမဟုတ်ဘူးလို့ ဒု ဗိုလ်ချုပ်ကြီး အန်ထော်နီ ခရပ်ချ်ဖီးလ်ဒ်က ထိုစဉ်က ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။

Loading