ကမ္ဘာ့အသေးငယ်ဆုံး မော်လီကျူးဆိုင်ရာ စက်ကိရိယာများကို တီထွင်ဖော်ထုတ်နိုင်မှု အတွက် သိပ္ပံပညာရှင် သုံးဦးအား ဆွီဒင် တော်ဝင်သိပ္ပံ အကယ်ဒမီက ၂၀၁၆ ခုနှစ် ဓာတုဗေဒ ဆိုင်ရာ နိုဘယ်ဆု ပူးတွဲချီးမြှင့်လိုက်ကြောင်း သိရသည်။
ပြင်သစ်နိုင်ငံ စတြာဘိုး တက္ကသိုလ်မှ ပါမောက္ခ ဂျင်းပဲဆော်ဗ့ဂျ်၊ အမေရိကန်နိုင်ငံ အနောက်မြောက်ပိုင်း တက္ကသိုလ်မှ ပါမောက္ခ ဆာဖရေဇီ စတော်ဒစ်နှင့် နယ်သာလန်နိုင်ငံ ဂရိုဂျင်နင် တက္ကသိုလ်မှ ပါမောက္ခ ဘားနတ်ဖာရင်ဂါ တို့အား မော်လီကျူး စကေးဖြင့် အလုပ်လုပ်နိုင်သော စက်ကိရိယာများ ဖော်ထုတ်နိုင်ရေး နည်းပညာရပ်ကို လေ့လာဖော်ထုတ် နိုင်ခဲ့ကြသည့် အတွက် ဆုချီးမြှင့်ခြင်း ဖြစ်သည်။
နာနိုနည်းပညာအရ ရုပ်ပိုင်းနှင့် ဓာတုပိုင်းဆိုင်ရာ ကိုယ်ပိုင်ဂုဏ်သတ္တိများကို အသုံးချနိုင်ရန် သုတေသီတို့က လေ့လာမှုများ ပြုလုပ်လျက် ရှိရာ ဆံချည်မျှင်တချောင်းထက် အဆပေါင်း ၁ ထောင် ပိုမိုပါးလွှာသည့် အသေးငယ်ဆုံး ဒြပ်ပစ္စည်းများကို နာနိုမီတာ စကေးဖြင့် အလုပ်လုပ်နိုင်စေမည့် ကမ္ဘာ့ အသေးငယ်ဆုံး စက်ကိရိယာများ တီထွင်ဖော်ထုတ်နိုင်ရန် ကြိုးပမ်းသူများ ဖြစ်သဖြင့် ဓာတုဗေဒဆိုင်ရာ နိုဘယ်ဆု ရွေးချယ် ချီးမြှင့်ခြင်း ဖြစ်သည်။