အစိုးရနှင့် ပုဂ္ဂလိကမှ ဆောက်လုပ်ထားသည့် တန်ဖိုးနည်းနှင့် တန်ဖိုးသင့်အိမ်ရာများ ရောင်းချပွဲကို အောက်တိုဘာ ၂၁ မှ ၂၃ ရက်အထိ MICT Park ခန်းမတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းပြပွဲတွင် တန်ဖိုးနည်းနှင့် တန်ဖိုးသင့်အိမ်ရာ အခန်းများ၊ အိမ်ရာ ဝယ်ယူရန် အတွက် ငွေကြေးဆိုင်ရာ အထောက်အပံ့များ ရရှိနိုင်သော ဘဏ်များမှ တန်ဖိုးနည်း အိမ်ရာများနှင့် ပတ်သက်၍ သိရှိနိုင်မည်ဖြစ်ကြောင်း၊ အိမ်သုံးပရိဘောဂ ပစ္စည်းနှင့် အိမ်သုံးပစ္စည်းများအပြင် အဆောက်အအုံများ ဆောက်လုပ်ရာတွင် အသုံးပြုသော ပစ္စည်းများကိုလည်း ပြသ ရောင်းချမည်ဖြစ်သည်။
အဆိုပါ ပြပွဲတွင် House.com.mm၊ မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၊ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က ပူးပေါင်းကာ လုပ်ဆောင်ခြင်းဖြစ်သည်။
“ပြပွဲမှာ မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနရဲ့ နိုင်ငံတဝှမ်းမှာရှိတဲ့ စီမံကိန်းတွေကို ပြသွားမှာဖြစ်ပြီး ဆောက်လုပ်ရေးနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်မှ ရရှိနိုင်သော ငွေကြေးဆိုင်ရာ အထောက်အပံ့များနဲ့ ပတ်သက်တဲ့ အချက်အလက်တွေအပြင် တန်ဖိုးနည်းအိမ်ရာ ဝယ်ယူရရှိနိုင်တဲ့ အခွင့်အလမ်းတွေနဲ့ အချက်အလက်တွေအားလုံးကိုသိရှိနိုင်မယ့်ပွဲ ဖြစ်ပါတယ်”ဟု House.com.mm ၏ မန်နေးဂျင်း ဒါရိုက်တာ Mr. Nitesh Khirwal က ပြောသည်။
House.com.mm သည် ဂျာမနီနိုင်ငံ အခြေစိုက် အပြည်ပြည်ဆိုင်ရာ အိမ်ခြံမြေ ကွန်ရက်ဖြစ်သည့် Lamudi ၏ လက်ခွဲကုမ္ပဏီတခု ဖြစ်ပြီး မြန်မာ့အိမ်ခြံမြေလောကတွင်လည်း ထိပ်ဆုံးမှ ဦးဆောင်လျက်ရှိသည့် အွန်ုလိုင်းဝက်ဘ်ဆိုဒ်တခုဖြစ်သည်။