သတင်းတို

နိုင်ငံတကာလေဆိပ်ကို တိုက်ခိုက်ဖို့ ကြံစည်သူ ဂျာမနီရဲ ဖမ်းဆီး

ဂျာမနီနိုင်ငံမှာ နိုင်ငံတကာလေဆိပ်ကို ဗုံးခွဲတိုက်ခိုက်ဖို့ ကြံစည်တယ်လို့ သံသယရှိတဲ့ ဆီးရီးယား ဒုက္ခသည် အသက် ၂၂နှစ်အရွယ် ဂျဘား အယ်ဘတ်ဆိုသူကို နိုင်ငံအရှေ့ပိုင်းက လိုက်ပဇစ်မြို့မှာ မနေ့ညက ဖမ်းဆီးလိုက်ပါတယ်။

သူ့ကို ဂျာမန်ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့ စနေနေ့က သူနေထိုင်ရာ တိုက်ခန်းကို ဝင်ရောက်စီးနင်းစဉ် ရှောင် တိမ်းသွားပြီးတဲ့နောက် မနေ့ကတော့ ဖမ်းဆီးနိုင်လိုက်ခြင်းဖြစ်ပါတယ်။ Chemnitz မြို့က သူ့ရဲ့ အခန်းကို ရဲက ရှာဖွေရာမှာ ပေါက်ကွဲစေတတ်တဲ့ TNT ယမ်း အလေးချိန် ဂရမ်ရာပေါင်းများကို သိမ်းဆည်းရမိခဲ့ပါတယ်။

အယ်ဘတ်ဟာ ဂျာမနီနိုင်ငံကို ပြီးခဲ့တဲ့နှစ်ကတည်းက ရောက်ရှိခဲ့တာဖြစ်ပြီး သူကို ဂျာမန်အစိုးရက ဒုက္ခသည်တဦးအဖြစ် တရားဝင် အသိအမှတ်ပြုခဲ့ပြီးဖြစ်ပါတယ်။

ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ တွေ့တဲ့အတွက် ဖြစ်ရပ်အားလုံးကို ခြုံကြည့်လိုက်ရင်တော့ သူဟာ တိုက်ခိုက်ဖို့ ကြံစည်နေတာဖြစ်တယ် ဖော်ပြနေကြောင်း ဂျာမနီလုံခြုံရေးအရာရှိကြီးတဦးက ကောက်ချက်ချပါတယ်။

Loading