မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ်အတွင်း အခြားဒေသမှ လာရောက်ကာ ရွှေ့ပြောင်း နေထိုင်သည့် လုပ်သား ၁၆၀၀ အတွက် အိမ်ထောင်စုစာရင်းများကို အောက်တိုဘာ ၈ ရက်ကထုတ်ပေးခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန၏ ညွှန်ကြားရေးမှူး ဦးတင်ချယ်က ပြောသည်။
“မြေယာပိုင်ဆိုင်မှုအရ အငြင်းပွားဖွယ်မရှိတဲ့ သာမန်ရွှေ့ပြောင်းနေထိုင်သူတွေကို အိမ်ထောင်စုစာရင်း ထုတ်ပေးတယ်၊ အဲဒီ သူကလည်း သူ့နေရပ်မှာ အိမ်ထောင်စုစာရင်း ရှိပြီးသားဖြစ်ရမယ်။ အဲဒီ စာရင်းကနေ ထုတ်ပြီး လက်ရှိသူနေထိုင်တဲ့ အရပ်မှာ စာရင်းသွင်းပေးလိုက်တာ။ မိသားစုလိုက် ပြောင်းနေတဲ့သူတွေကတော့ အသစ်ပြန်လုပ်ပေးပါတယ်”ဟု ညွှန်ကြား ရေးမှူး ဦးတင်ချယ်က ရှင်းပြသည်။
မန္တလေးတိုင်းအတွင်း ရွှေ့ပြောင်းနေထိုင်သည့် လုပ်သားများ၏ စာရင်းများ ကောက်ယူကာ အိမ်ထောင်စုစာရင်း ထုတ်ပေး ခြင်း လုပ်ငန်းသည် ပုသိမ်ကြီးမြို့နယ်တွင် ပထမဆုံး ထုတ်ပေးနိုင်ခြင်း ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
ပုသိမ်ကြီးမြို့နယ်အတွင်း သာမန်ရွှေ့ပြောင်း နေထိုင်သူ လူဦးရေ ၁၁၆၅၇ ဦး၊ အိမ်ထောင်စုအားဖြင့် ၃၄၄၅ စု ရှိရာ မိသားစု ၇၉၅ စု၊ လူဦးရေအားဖြင့် ၁၆၆၃ ဦးတို့အတွက် အိမ်ထောင်စုစာရင်းများကိုလည်း အောက်တိုဘာ ၈ ရက်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ရုံးတွင် ထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
“သူ့နေရပ်မှာ အိမ်ထောင်စုစာရင်း မရှိတဲ့သူ၊ မှတ်ပုံတင်မရှိတဲ့သူ ဆိုရင်တော့ ထုတ်မပေးပါဘူး။ လက်ရှိ နေထိုင်တဲ့ အရပ် မှာ ၆ လအထက်နေရင် ထုတ်ပေးပါတယ်။ ဒီအတွက် အခမဲ့ပါ”ဟု ဦးတင်ချယ်က ပြောသည်။
ပုသိမ်ကြီးမြို့နယ်သည် ခရိုင် ၄ ခုတွင် ရွှေ့ပြောင်း လုပ်သားအများဆုံးရှိသည့် မြို့နယ်တခုဖြစ်သောကြောင့် ဦးစွာ ထုတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
မန္တလေးတိုင်းအတွင်းသို့ ရွှေ့ပြောင်းနေထိုင်သည့် လုပ်သားများသည် ကျောက်မျက်လုပ်ငန်းနှင့် သယံဇာတ ထုတ်ယူရေး လုပ်ငန်းများတွင် အများဆုံး လုပ်ကိုင်ကြကြောင်း၊ တစ်ဦးချင်းစီမှ မိသားစုအလိုက် ပြောင်းရွှေ့နေထိုင်မှုများလည်း ရှိ ကြောင်း မန္တလေးတိုင်း ဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်က ပြောသည်။
အိမ်ထောင်စုစာရင်း မရှိပါက မိသားစုအတွက် ပညာရေး၊ အလုပ်အကိုင်နှင့် လူမှုရေး ကိစ္စများတွင် အခက်အခဲ ရှိနိုင်သော ကြောင့် တိုင်းအတွင်းက ရွှေ့ပြောင်းလုပ်သားများအတွက် ယခုလို ဆောင်ရွက်ပေး ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
အခြားမြို့နယ်များအတွက် အိမ်ထောင်စုစာရင်းများ ဆက်လက် ထုတ်ပေးသွားမည် ဖြစ်ပြီး သာမန်ရွှေ့ပြောင်း လုပ်သား များ စာရင်းသာမက ယာယီရွှေ့ပြောင်း နေထိုင်သူများ၏ စာရင်းများကိုလည်း ကောက်ယူလျက်ရှိကြောင်း မန္တလေးတိုင်း ဒေသကြီး လူဝင်မှုကြီးကြပ်ရေး နှင့်အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ သိရသည်။