သတင်းတို

KIA နယ်မြေ၌ သင်တန်းတက်ပြီး ပြန်လာသူ ၅၇ ဦး ဖမ်းဆီးခံရ

ချင်လွတ်လပ်ရေး တပ်မတော် (KIA ) နယ်မြေ၌ သင်တန်းတက်ပြီး ပြန်လာသည့် ကချင်ဒေသခံ ၅၇ ဦးအား ဖမ်းဆီး ထားကြောင်း သိရသည်။

ဖမ်းဆီးခံထားရသည့် ကချင် ဒေသခံများသည် KIA အခြေစိုက် နယ်မြေ၌ စက်တင်ဘာလ ၁၀ ရက်နေ့မှ အောက်တိုဘာလ ၁၀ ရက်နေ့အထိ ဖွင့်လှစ်သည့် ပြည်သူ့စစ် သင်တန်းအား တက်ရောက်ပြီး ပြန်လာသူများဖြစ်ကြောင်း၊ ၎င်းတို့အား အောက်တိုဘာလ ၁၁ ရက်နေ့က ဖမ်းဆီးခဲ့ပြီး၊ မိုးမောက် ရဲစခန်းသို့ လွှဲပြောင်းပေးသွားမည်ဟု တပ်မတော်ပိုင် မြဝတီ သတင်း၌ ဖော်ပြထားသည်။

ဖမ်းဆီးခံရသူများအနက် သင်တန်းတက်ရောက်ခဲ့သူ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၄၉ ဦးနှင့် ယာဉ်မောင်း ၈ ဦး အပါအဝင် စုစုပေါင်း ၅၇ ဦး ပါဝင်ကြောင်း မြဝတီ သတင်းက ရေးသားထားသည်။

ဖမ်းဆီးခံထားရသူများ နှင့်အတူ မော်တော်ယာဉ် ၈ စီးကိုပါ ဖမ်းဆီးသိမ်းဆည်းရမိကြောင်း ရေးသားထားသည်။ ၎င်းတို့အား ကချင်ပြည်နယ် မိုးမောက်မြို့နယ် စစ်ဆေးရေး ဂိတ်နှင့်လွယ်ဂျယ် စစ်ဆေးရေး ဂိတ်တို့၌ ဖမ်းမိကြောင်း သိရသည်။

ကချင်လွတ်လပ်ရေး (KIO) ၏ နည်းပညာ အကြံပေးအဖွဲ့မှ ပြောခွင့်ရသူ ဦးဒေါင်ခါးက ပြောရာတွင် ကချင်ဒေသ ဖွံ့ဖြိုးမှု လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကချင်လူငယ်များအား KIA နယ်မြေ၌ စီးပွားရေး၊ စိုက်ပျိုးရေး၊ ကျန်းမာရေးစသည့် သင်တန်းများ ပုံမှန်ပေးလေ့ရှိကြောင်း ဧရာဝတီကို ပြောသည်။

ဦးဒေါင်ခါးက “စီးပွားရေးတို့ စိုက်ပျိုးရေး သင်တန်းတို့ တက်တဲ့သူတွေကို သင်တန်းပြီးရင် ကိုယ့်ဒေသမှာ ပြန်လည်တာဝန် ထမ်းဆောင်ဖို့ ပြန်လွှတ်လေ့ရှိတယ်” ဟု ဆိုသည်။

အလားတူ မိမိဒေသ၌ တာဝန်ထမ်းဆောင်ရန် ပြည်သူ့စစ်သင်တန်း ပေးမှုများလည်း ရှိကြောင်း၊ ပြည်သူ့စစ် သင်တန်းများကို သက်ဆိုင်ရာ မိမိမြို့နယ်အလိုက်သာ ပေးလေ့ရှိပြီး၊ ပြည်သူ့စစ် သင်တန်း တက်ပြီးသူများသည် မိမိနယ်မြေ၌သာ ပြန်လည် တာဝန် ထမ်းဆောင်လေ့ရှိကြကြောင်း၊ KIA ဌာနချုပ်၌ ပြည်သူ့စစ် သင်တန်း ပေးလေ့မရှိကြောင်း ဦးဒေါင်ခါးက ပြောသည်။

ထို့အတူ လက်ရှိ ဖမ်းဆီး ခံထားရသူများသည် ပြည်သူ့စစ် သင်တန်းဆင်းများ မဟုတ်ဘဲ စိုက်ပျိုးရေး သင်တန်းတက်ပြီး ပြန်လာသူများသာ ဖြစ်ကြောင်းလည်း ကချင်လူမှုရေး အဖွဲ့တချို့က ပြောဆိုထားသည်။

ဖမ်းဆီးခံထားရသူ ၅၇ ဦးအား မတရားအသင်းနှင့်ဆက်သွယ်မှု ဥပဒေ ပုဒ်မ (၁၇/၁ ) တရားစွဲဆိုသွားမည်ဟု သိရသည်။

Loading