နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အိန္ဒိယခရီးစဉ်အတွင်း ဝန်ကြီးချုပ် နရိန္ဒြာ မိုဒီနှင့် ယနေ့ တွေ့ဆုံ ကာ စွမ်းအင်၊ ဘဏ်လုပ်ငန်းနှင့် အာမခံလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန် နှစ်ဘက်အဆင့်မြင့်ကိုယ်စားလှယ်များ လက် မှတ်ရေးထိုးကြောင်း အိန္ဒိယ ပြည်ပရေးရာ ဝန်ကြီးဌာန ပြောခွင့်ရ ဗီကက်ရှ် ဆွာရပ်၏ ပြောဆိုချက်ကို ကိုးကားပြီး ANI သတင်းကဆိုပါတယ်။
အဆိုပါ သဘောတူညီချက် မူကြမ်းအရ မြန်မာအစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် အိန္ဒိယ အာမခံလုပ်ငန်း အဖွဲ့နှင့် ပူးပေါင်း ကာ မြန်မာ့အာမခံလုပ်ငန်းတိုးတက်ရေးဆောင်ရွက်ရန်၊ စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်ရန်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် အိန္ဒိယ ရီဇတ်ဘဏ်(RBI) တို့ ပူးပေါင်းဆောင်ရွက်ရန်တို့ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၉ရက်နေ့က သမ္မတ ဦးထင်ကျော်၏ အိန္ဒိယခရီးစဉ်တွင် အိန္ဒိယ- မြန်မာ- ထိုင်း အဝေးပြေးလမ်းမ တမူး-ကလေးဝ လမ်းပိုင်းရှိ တံတား ၆၉ စင်း တည်ဆောက်ရန်၊ ကလေးဝ – ယာကြီး လမ်းပိုင်းကို အဆင့်မြှင့်တင်ရန်၊ စွမ်းအင်ကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်ရန်နှင့် တိုင်းရင်းဆေးဝါးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရန်တို့ကို အိန္ဒိယနှင့် မြန်မာ အကြားပူးပေါင်းဆောင်ရွက် လက်မှတ်ရေးထိုးခဲ့သေးပါတယ်။
ဒေါ်အောင်ဆန်းစုကြည်၏ အိန္ဒိယခရီးစဉ်က အောက်တိုဘာ ၁၆ရက်နေ့က စတင်ခဲ့ခြင်းဖြစ်ပြီး၊ ဂိုအာမြို့မှာ ကျင်းပခဲ့တဲ့ ဘင်္ဂလားပင်လယ်အော် ဒေသနိုင်ငံများဆိုင်ရာ ဘင်းစတက်ညီလာခံကိုလည်း တက်ရောက်ခဲ့ပါတယ်။