စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ် အတွင်း ရေယာဉ် မတော်တဆ တိမ်းမှောက်ခဲ့မှုကြောင့် အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့သည့် ဖြစ်ရပ်အပေါ် မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီ သံရုံးက မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနသို့ အောက်တိုဘာ ၁၈ ရက်နေ့စွဲဖြင့် ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့သည်။
အဆိုပါရေယာဉ် မတော်တဆ တိမ်းမှောက်ခဲ့သည့် သတင်းကို ကြားသိရသည့် အတွက်များစွာ တုန်လှုပ်မိပါကြောင်း၊ မတော်တဆမှု အတွင်း သေဆုံးသွားသူများနှင့် ပျောက်ဆုံးနေသူများ၏ မိသားစုများ၊ မြန်မာနိုင်ငံသားများနှင့် အတူ ဝမ်းနည်းကြေကွဲရပါကြောင်း ဂျာမန်နိုင်ငံခြားရေး ဝန်ကြီး Dr. Frank-Walter Steinmeier ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။
အောက်တိုဘာလ ၁၅ ရက်နေ့ နံနက် ၅ နာရီအချိန်ခန့်က အေးငြိမ်းချမ်းသာ အမြန်ရေယာဉ် အသင်း (ပုဂ္ဂလိ ကပိုင်) မှ အောင်စိုးမိုးကျော် ရေယာဉ်သည် ကနီမြို့နယ် မိချောင်းတွင်း ကျေးရွာအနီး ချင်းတွင်း မြစ်အတွင်း တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ပျောက်ဆုံးနေသူများကို ဆက်လက် ရှာဖွေဆဲ ဖြစ်သည်။