ပုဂံရှေးဟောင်းဇုန်ရှိ သရပါတံခါးအပြင် စူဠာမဏိ၊ နတ်လျောင်ကျောင်း၊ ပုထိုးသားများဘုရားအနီး မော်တော်ယာဉ်များ ဖြတ်သန်းမောင်းနှင်ခွင့် ပိတ်လိုက်ကြောင်း ရှေးဟောင်းသုတေသန၊ အမျိုးသား ပြတိုက် (ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်၏ ပြောဆိုချက်ကို ကိုးကားပြီး အစိုးရသတင်း ကဆိုပါတယ်။
ယခင်က သရပါတံခါးပေါက်မှ ယာဉ်ကြီးကို ဖြတ်သန်းခွင့်ပိတ်ခဲ့ပြီး၊ ယာဉ်ငယ်များသာ ဖြတ်သန်းခွင့်ပေးခဲ့ သော်လည်း ပြီးခဲ့သည့် သြဂုတ်လအတွင်းလှုပ်ခတ်ခဲ့သည့် ပြင်းအား ၆.၈ မဂ္ဂနီကျု့ရှိ ချောက်ငလျင်ကြောင့် မော်တော် ယာဉ်ငယ် များဖြတ်သန်းခွင့်ပါ ပိတ်လိုက်ရခြင်းဖြစ်ကြောင်းသိရပါတယ်။
ထို့အတူ သဗ္ဗညုဘုရားအနီး ကားဖြတ်သန်းခွင့်ကိုလည်း ပိတ်တော့မည်လည်း ဆိုပါတယ်။
ပြီးခဲ့သည့် သြဂုတ်လအတွင်းလှုပ်ခတ်ခဲ့သည့် ချောက်ငလျင်ကြောင့် ပုဂံရှေးဟောင်းဇုန်အတွင်းရှိ စေတီပုထိုးပေါင်း ၃၈၉ဆူ ပျက်စီးခဲ့ပါတယ်။
ပျက်စီးသွားသည့် စေတီပုထိုးများထဲမှာ ၃၆ဆူကို ပထမဦးစားပေး ပြုပြင်မည်ဖြစ်ပြီး၊ ဒုတိယ ဦးစားပေး ၅၃ဆူ၊ တတိယအဆင့်အနေဖြင့် အဆူပေါင်း ၃၀၀ကို ပြန်ပြင်မယ်လို့သိရပါတယ်။