“Operation Mekong” လို့အမည်ရ ရွှေတြိဂံဒေသ မဲခေါင်မြစ်အတွင်း တရုတ်သင်္ဘောသား ၁၃ဦးကို မူးယစ် ရာဇာ စိုင်းနော်ခမ်းနဲ့အဖွဲ့ သတ်ဖြတ်ခဲ့တဲ့အကြောင်း ရိုက်ကူးထားတဲ့ရုပ်ရှင်ကို တရုတ်ပြည်မှာ ရုံတင်နေရာ ပြီးခဲ့တဲ့အပတ်က အမေရိကန်ဒေါ်လာ ၄၁.၃သန်း(ယွမ် ၂၇၆သန်း)နဲ့ ဝင်ငွေ အကောင်းဆုံး ဇတ်ကားအဖြစ် စံချိန်တင်ခဲ့ကြောင်း Los Angeles Times သတင်းမှာဖော်ပြထားပါတယ်။
ဖြစ်ရပ်မှန်ကို အခြေခံပြီး ဟောင်ကောင်ရုပ်ရှင်ကုမ္ပဏီ Bona Film အုပ်စုက ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး၊ စက်တင်ဘာ ၃၀ရက်နေ့မှာ ကမ္ဘာတဝှမ်းရုံတင်ခဲ့ပြီး လက်ရှိမှာ အမေရိကန်ဒေါ်လာ သန်း ၁၄၀ ဝင်ငွေရရှိနေပါတယ်။
၂၀၁၁ခုနှစ် အောက်တိုဘာလ ၅ရက်က ထိုင်းနိုင်ငံ ဘက်ခြမ်း မဲခေါင်မြစ်အတွင်းသွားလာနေတဲ့ တရုတ်ကုန် သင်္ဘော ၂စီးကို မူးယစ်ဆေးသယ်ဆောင်လာတယ်လို့ မသင်္ကာတဲ့အတွက် ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဝင်ရောက်စီးနင်းရာမှာ လက်ပြန်ကြိုး တုတ်ကာ သေဆုံးနေတဲ့ သင်္ဘောသား ၁၃ဦးကို တွေ့ရခြင်းဖြစ်ပါတယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသား မူးယစ်ရာဇာ စိုင်းနော်ခမ်းနဲ့အဖွဲ့က ပြုလုပ်တာဖြစ်တယ်လို့ ထိုင်းနဲ့ တရုတ်အစိုးရတို့က စွပ်စွဲကာ ဖမ်းဆီးဖို့ ပြုလုပ်ခဲ့ပါတယ်။ တရုတ်အစိုးရက စိုင်းနော်ခမ်းနဲ့အဖွဲ့ကို မောင်းသူမဲ့ လေယာဉ်အသုံးပြုကာ မြန်မာနိုင်ငံထဲ အထိ ဝင်ရောက်တိုက်ခိုက်ဖို့ အထိ ကြိုးစားခဲ့သလို၊ မြန်မာ၊ လာအို၊ ထိုင်း စတဲ့နိုင်ငံတွေအနေနဲ့ ပူးပေါင်းပြီး ဥပဒေကြောင်း အရ အရေးယူဖို့ တိုက်တွန်းခဲ့ ပါတယ်။
၂၀၁၂ခုနှစ်မှာတော့စိုင်းနော်ခမ်းနှင့်အဖွဲ့ဝင်များကိုလာအိုနိုင်ငံဘက်ခြမ်းမှာဖမ်းဆီးရမိခဲ့ပြီးလာအိုအာဏာပိုင်များက တရုတ် ကို လွှဲပေးကာ၂၀၁၃ ခုနှစ်မှာတရုတ်နိုင်ငံ၏ပြည်သူ့တရားရုံးချုပ်ကသေဒဏ်စီရင်ချက် ချခဲ့ပါတယ်။
စိုင်းနော်ခမ်းနဲ့ အပေါင်းအပါ ၃ဦးကို ဆေးထိုးကွပ်မျက်ရာမှာ တရုတ်ရုပ်သံ CCTV သတင်းဌာနက ၂နာရီကြာ တိုက်ရိုက် ထုတ်လွှင့် ပြသတဲ့အတွက် နိုင်ငံတကာက ဝေဖန်မှုများ ရှိခဲ့သလို၊ မြန်မာနိုင်ငံသားများ အတွင်းမှာလည်း ဂယက်ရိုက်မှုများ ရှိခဲ့ပါတယ်။
တရုတ်ပြည်တွင်း ပြသနေတဲ့ ရုပ်ရှင်တွေထဲမှာ Operation Mekong ဇတ်ကားပြီးလျှင် I Belonged to You ဆိုတဲ့ အချစ်ဇာတ်ကားက အမေရိကန်ဒေါ်လာ ၁၅.၄သန်း နဲ့ ဒုတိယ၊ ဒါရိုက်တာ စတီဗင် စပီးလ်ဘတ်ရဲ့ The BFG က အမေရိကန်ဒေါ်လာ ၁၃.၆သန်းနဲ့ တတိယနေရာမှာရှိပါတယ်။