တရုတ်စစ်သင်္ဘော ၃စီး ပထမဆုံးအကြိမ် အဖြစ် ဗီယက်နမ်နိုင်ငံ ကမ်းရန်ပင်လယ်ကွေ့ရှိ မဟာဗျူဟာ အချက် အချာကျသည့် ကမ်းရန်ဆိပ်ကမ်းကို လာရောက်မည်ဖြစ်ကြောင်း သိရပါတယ်။
တရုတ်စစ်သင်္ဘော ၃စီးဟာ ရေတပ်သား ၇၅၀နှင့်အတူ မနက်ဖြန်စနေနေ့က စတင်ကာ ၄ရက်ကြာခရီးစဉ် အဖြစ်လာရောက်မှာဖြစ်ပြီး၊ ဗီယက်နမ်ရေတပ်နဲ့ အပြန်အလှန် ချစ်ကြည်ရေးပြုလုပ်မည်ဖြစ်သည့်အပြင် ဒေသဆိုင်ရာခေါင်းဆောင်များနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။
တရုတ်နဲ့ ဗီယက်နမ်ဟာ တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်ပြီး အငြင်းပွားလျှက်ရှိသည့်အပြင် ဒေသတွင်း စစ်ရေးပြင်ဆင်မှုများ ပြုလုပ်နေတဲ့နိုင်ငံများဖြစ်ပါတယ်။
ကမ်းရန်ဆိပ်ကမ်းဟာ ယခင်က ဗီယက်နမ်ရေတပ်က ချုပ်ကိုင်ထားသော်လည်း ယခုနှစ်စောစောပိုင်းက အမေရိကန် ဒေါ်လာသန်း ၈၀ အကုန်အကျခံကာ နိုင်ငံခြားရေတပ်သင်္ဘောများနှင့် ကုန်သင်္ဘောများ ဝင်ရောက် ဆိုက်ကပ်ပြင်ဆင်နိုင်ရန်၊ လောင်စာဆီဖြည့်တင်းနိုင်ရန် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းအဆင့်မြှင့်တင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့လက အမေရိကန်စစ်သင်္ဘောများ ၂၁နှစ်အကြာ ပထမဆုံးအကြိမ် ကမ်းရန်ဆိပ်ကမ်းကို ဆိုက် ကပ်ခဲ့ပါသေးတယ်။
ကမ်းရန်ဆိပ်ကမ်းဟာ ဗီယက်နမ်စစ်အတွင်းက အမေရိကန်လေတပ်နဲ့ ရေတပ်အခြေစိုက်ခဲ့ပြီးနောက် ၁၉၇၉ခု နှစ်မှာ ဆိုဗီယက်တို့က စစ်အခြေစိုက်စခန်းဖွင့်ခဲ့ပါတယ်။ ၂၀၀၂ခုနှစ်မှာ ဗီယက်နမ်တို့က ပြန်လည်ရယူခဲ့ပါတယ်။