ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီးဝင်းအတွင်း ဘိန်းဖြူမှုန့်များ တန်ဖိုးငွေကျပ်သိန်း ၃၃၀ ကျော်ကို အောက်တိုဘာလ ၂၁ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း မြစ်ကြီးနားမြို့မရဲစခန်းက သတင်းရရှိသည်။
ရဲစခန်းတာဝန်ကျ အရာရှိတဦးက “မူးယစ်အထူးတပ်ဖွဲ့က သတင်းအရ သွားရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ကျနော်တို့ကတော့ အမှုဖွင့်အရေးယူထားတယ်”ဟု ပြောသည်။
ပြည်သူ့ဆေးရုံ ကြီးအတွင်း ဝိုင်းမော်မြို့နယ်နေ ကိုမောင်နိုင်နှင့် မမြရွှေတို့နှစ်ဦးမှ ဆပ်ပြာခွက် ၃၃ ခွက်ဖြင့်ထည့်သွင်းထားသည့် ဘိန်းဖြူမှုန့် အလေးချိန် ၄၂၂ ဂရမ် (ငွေကျပ် ၃၃၇ သိန်းကျော်တန်ဖိုး) ကို လက်လွဲပြောင်းပြုလုပ်ချိန်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသူ နှစ်ဦးကို မြစ်ကြီးနားမြို့မ ရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေ (ပ) ၄၄ /၂၀၁၆ ၊ပုဒ်မ -၁၅/၁၉(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်းသိရသည်။