ယနေ့ နေ့လည် ၁၂ နာရီခွဲမှ နောက် ၇၂ နာရီအတွင်း ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် အချိန်အခါမဟုတ် မိုးရွာနိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်က သတိပေးထားသည်။
ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ကြံ့ (KYANT) အမည်ရှိ ဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားခြင်း မရှိဘဲ အဝါရောင်အဆင့်ဖြင့် အနောက်နှင့် အနောက်တောင်ဘက်သို့ ရွေ့လျားသွားကြောင်း နေပြည်တော် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။
မုန်တိုင်းအရှိန်ကြောင့် အချိန်အခါမဟုတ် မိုးရွာနိုင်ခြင်း ဖြစ်ကြောင်း၊ နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာကာ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။