နှစ်နိုင်ငံပိုမိုပူးပေါင်းရေး သမ္မတဦးထင်ကျော် ဗီယက်နမ်ခရီးစဉ်၌ ဆွေးနွေးမည်
သမ္မတ ဦးထင်ကျော်ရဲ့ ဗီယက်နမ်ချစ်ကြည်ရေး ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား ဘဏ်လုပ်ငန်း၊ ဘဏ္ဍာရေးနဲ့ ခရီသွားလုပ်ငန်း အပါအဝင် လေကြောင်းပျံသန်းမှုနဲ့ ပတ်သက်ပြီး ပိုမိုပူးပေါင်းလုပ် ဆောင်ဖို့ ဆွေးနွေးသွားရန် ရှိတယ်လို့ ဗီယက်နမ်သတင်းကဆိုပါတယ်။
ဗီယက်နမ်သမ္မတ ထရန်ဒိုင်ကွမ်း၏ ဖိတ်ကြားချက်အရ သမ္မတ ဦးထင်ကျော်နဲ့ ဇနီး ဒေါ်စုစုလွင် တို့ရဲ့ ၃ရက်ကြာ ချစ်ကြည်ရေးခရီးစဉ် မနေ့က စတင်ခြင်းဖြစ်ပါတယ်။
မြန်မာ -ဗီယက်နမ် နှစ်နိုင်ငံဟာ ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်ရေးကို မကြာသေးမီနှစ်များ အတွင်းက နှစ်နိုင်ငံပုံမှန်ကိုယ်စားလှယ်များ စေလွှတ်ကာ ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။
ဗီယက်နမ်အနေနဲ့ မြန်မာ့စီးပွားရေးကဏ္ဍမှာ လယ်ယာ၊ ပင်လယ်ရေထွက်၊ ဘဏ္ဍာရေးနှင့် ဘဏ် လုပ်ငန်း၊ လေကြောင်းပျံသန်းမှု၊ ဆက်သွယ်ရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ သတ္တုတူးဖော်ရေး၊ အီလက်ထရော်နစ်ပစ္စည်းများ ထုတ်လုပ်ရေး၊ ကားနှင့် အပိုပစ္စည်းထုတ်လုပ်မှု၊ ဆောက်လုပ်ရေး စတဲ့ လုပ်ငန်း ၁၂ခုခန့်ကို ဦးစားပေးလုပ်ကိုင်နေတာဖြစ်ပါတယ်။
ဗီယက်နမ်ဟာ မြန်မာရဲ့ အကြီးဆုံးကုန်သွယ်ဖက် ၁၀နိုင်ငံမှာ ပါဝင်ပြီး၊ ယခုနှစ် ၇လအတွင်း ၂နိုင်ငံ အကြား ကူးသန်ရောင်းဝယ်မှုဟာ အမေရိကန်ဒေါ်လာ ၂၉၉သန်းဘိုးရှိကာ တနှစ်ထက်တနှစ် ၁၅.၉ ရာခိုင်နှုန်း တိုးတက်လာတယ်လို့ သိရပါတယ်။
မြန်မာပြည်အတွင်း ဗီယက်နမ်ဟာ စီမံကိန်း ၄၇ခုမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၅၇သန်း ရင်းနှီးမြုပ်နှံထားပါတယ်။
သမ္မတ ဦးထင်ကျော်ဟာ အာဆီယံအဖွဲ့ အတွင်း ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်း စေရန် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်တို့ဖြင့် ပေါင်းစုဖွဲ့စည်းထားသည့် (CLMV) နိုင်ငံများ၏ ၈ကြိမ်မြောက် အစည်းအဝေးနှင့် ထိုင်းနိုင်ငံတို့ ပါဝင်သည့် (၇)ကြိမ်မြောက် ဧရာဝတီ- ကျောက်ဖယား- မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ (အက်မက်စ်) ထိပ်သီး အစည်းအဝေးကိုလည်း တက်ရောက်နေပါတယ်။