ဇီကာကြောင့် ၆ လအတွင်း ကိုယ်ဝန်ဆောင်မှု သတိပေး
ဇီကာဗိုင်းရပ်စ်ကြောင့် အထူးသဖြင့် ရန်ကုန်မြို့တွင် နေထိုင်သည့် အိမ်ထောင်သည် အမျိုးသမီးများ ၆ လအတွင်း ကိုယ်ဝန် မဆောင်ရန်နှင့် ကိုယ်ဝန်ရှိနေသူများ အနေနှင့်လည်း ခြင် အကိုက်မခံရအောင် နေထိုင်ဖို့ လိုအပ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးလွင်ငြိမ်းက သတိပေးပြောကြားခဲ့သည်။
“ကိုယ်ဝန်ဆောင် မိခင်တွေ အနေနဲ့ အရမ်းကြီး ကြောက်လန့်နေဖို့တော့ မလိုပါဘူး။ ဇီကာလို့ သံသယ ရှိတယ်ဆိုရင် နီးစပ်ရာ ကျန်းမာရေးဌာနက ဆေးရုံ၊ ဆေးခန်းတွေကို သွားပြဖို့ လိုအပ်ပါတယ်” ဟု ဒေါက်တာ စိုးလွင်ငြိမ်းက နေပြည်တော်တွင် သတင်းမီဒီယာများကို ပြောကြားခဲ့သည်။
ရန်ကုန်မြို့၌ ဇီကာဗိုင်းရပ်စ် ရောဂါလက္ခဏာဟု သံသယရှိသူ အသက် ၃၂ နှစ်အရွယ် နိုင်ငံခြားသူ ကိုယ်ဝန်ဆောင် မိခင်တဦးကို ယမန်နေ့က တွေ့ရှိသဖြင့် ဓာတ်ခွဲစမ်းသပ်မှုများ ဆောင်ရွက်ခဲ့ရာ ဇီကာဗိုင်းရပ်စဟု အတည်ပြုနိုင်ခဲ့ကြောင်း အစိုးရ သတင်းစာများတွင် ဖော်ပြပါရှိသည်။
ခြင်မှတဆင့်ကူးစက်သည့် ဇီကာဗိုင်းရပ်စ် ကူးစက်ခံထားရသူများကို တောင်အမေရိကတိုက် နိုင်ငံများ တွင်သာမက အမေရိကန်နှင့် စင်ကာပူ၊ ဗီယက်နမ်၊ ထိုင်း၊ မလေးရှားစတဲ့ အရှေ့တောင်အာရှ နိုင်ငံများတွင်လည်း ဇီကာဗိုင်းရပ်စ် ကူးစက်ခံထားရသူများ တွေ့ရှိခဲ့ပြီးဖြစ်သည်။
ဇီကာဗိုင်းရပ်စ် ကိုယ်ဝန်ဆောင်မိခင်များတွင် ဖြစ်ပွားပါက မွေးဖွားလာသည့် ကလေးများတွင် ဦးခေါင်းသေး၊ ဦးနှောက်သေး၊ အာရုံချို့ယွင်းမှုများ ဖြစ်ပေါ်တတ်သည်။