နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်း တခုဖြစ်သည့် AidEx အဖွဲ့၏ ၂၀၁၆ ခုနှစ် အတွက် လူသားချင်းစာနာမှု သူရဲကောင်းဆု (AidEx Humanitarian Hero Finalists 2016) နောက်ဆုံး ဆန်ခါတင် ၄ ဦးတွင် ဒေါက်တာ စင်သီယာမောင် ပါဝင်ကြောင်း သိရသည်။
ဘယ်လ်ဂျီယန် နိုင်ငံ ဘရပ်ဆဲလ်မြို့၌ နှစ်စဉ် နိုဝင်ဘာ ၁၆ နှင့် ၁၇ ရက်နေ့များတွင် ကျင်းပသည့် AidEx အဖွဲ့၏ Flagship Conference and exhibition တွင် အဆိုပါ လူသားချင်းစာနာမှု သူရဲကောင်းဆု ပေးအပ်ချီးမြှင့်ခြင်း ဖြစ်ပြီး၊ ယခုနှစ်တွင် ဒေါက်တာစင်သီယာမောင်နှင့် အတူ Safe Hands for Girls ထူထောင်ခဲ့သော ဂမ်ဘီယာနိုင်ငံသူ Jaha Dukureh ၊ KickStart နိုင်ငံတကာ လူမှုအကူအညီပေးရေး အဖွဲ့ ထူထောင်ခဲ့သူ Dr. Martin Fisher နှင့် Camp01 ထူထောင်ခဲ့သူ Shaima Al Zarooni တို့ပါဝင်သည်။
AidEx နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့သည် အရေးပေါ်ထောက်ပံ့ကူညီရေးနှင့် လူမှုဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပါဝင် ကူညီ ပေးနေသည့် အဖွဲ့ဖြစ်ပြီး နှစ်စဉ် စက်တင်ဘာ ၁၄ နှင့် ၁၅ ရက်တိုင်း၊ ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့တွင် ၂ ရက်ကြာ ညီလာခံ ကျင်းပလေ့ရှိသည်။
ဒေါက်တာစင်သီယာမောင်သည် ၁၉၈၈ အရေးတော်ပုံဖြစ်ပွားပြီးနောက် ထိုင်း-မြန်မာ နယ်စပ်ကို ရောက်ရှိခဲ့ပြီး “ကျောင်းသား ဆေးခန်း” ဟု လူသိများသည့် မယ်တော်ဆေးခန်းကို တည်ထောင်ကာ ယနေ့အချိန်အထိ စစ်ပြေးဒုက္ခသည်များ၊ ရွှေ့ပြောင်း အလုပ်သမားများနှင့် ငွေကြေးမတတ်နိုင်သူများကို အခမဲ့ ဆေးကုပေးလျှက်ရှိသည်။
မဲဆောက်မြို့တွင်အခြေစိုက်ထားသည့် မယ်တော်ဆေးခန်းတွင် အတွင်းလူနာ၊ အပြင်လူနာအဖြစ် တရက်လျှင် လူနာ ၃၀၀ ဝန်းကျင် ကုသ ပေးနေရပြီး မဲဆောက်မြို့ရှိ ရွှေ့ပြောင်းအလုပ်သမားများ၏ ကလေးငယ်များကို လည်း ကျောင်းဖွင့်လှစ်ကာ အခမဲ့ပညာသင်ကြားပေးထားသည်။
ဒေါက်တာစင်သီယာမောင်သည် ယခင်ကလည်း နိုင်ငံတကာက ချီးမြှင့်ထားသည့် ဆုပေါင်း ၂၀ ကျော်ရရှိထားသူ ဖြစ်သည်။
ဤလင့်ကိုနှိပ်၍ ဒေါက်တာစင်သီယာမောင်အား မဲပေးရွေးချယ်နိုင်သည်