ရှမ်းပြည်နယ် မြောက်ပိုင်း ကွမ်လုံမြို့နယ်ရှိ ကွမ်လုံ တံတားပေါ် ဖြတ်သန်းမောင်းနှင်လာသည့် ကားပေါ်တွင် ဖမ်းဆီးရမိခဲ့ သည့် ကျပ်သိန်းပေါင်း ၇၇၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ အမှုကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း ကွမ်လုံမြို့မ ရဲစခန်းမှူး ဒုရဲမှူး ကြည်ဟန်က ဧရာဝတီသို့ ပြောသည်။
သူက “မိထားတဲ့သူ ၂ ယောက်ကတော့ နန်းဟူးကျေးရွာက လူတွေ၊ သူတို့ကားက သိန်းနီဘက်ကနေ လောက်ကိုင် သွား မှာ။ လမ်းမှာ မသင်္ကာလို့ စစ်ရင်းမိတာ။ ဘယ်လို အဆက်အစပ်ရှိတယ်ဆိုတာ၊ ဘယ်သူတွေ ဆက်စပ်ပါဝင်နေတယ် ဆိုတာ ကတော့ စုံစမ်းနေဆဲဖြစ်ပါတယ်”ဟု ရှင်းပြသည်။
ကွမ်းလုံကြိုးတံတားတွင် နားတီရွာဘက်မှ လောက်ကိုင်သို့ မောင်းနှင်လာသည့် Land Cruiser အစိမ်းရောင် ယာဉ်ပေါ်တွင် အစိမ်းရောင် မြွေရေခွံအိတ် ၁၂ အိတ်အတွင်းမှ ပလတ်စတစ်အိတ်များဖြင့် ထည့်ထားသည့် ဘိန်းဖြူ ၁၄၄ ကီလို၊ အစိမ်းရောင် မြွေရေခွံအိတ် ၂ အိတ်အတွင်းမှ ပလတ်စတစ် အိတ်များဖြင့် ထည့်ထားသည့် ဘိန်းညိုမှုန့် ၅၀ ကီလို ကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထို့နောက် လီခိုင်ဖုန်း (ခ) အချီ မောင်းနှင်လာသည့် Land Cruiser အဖြူရောင် ယာဉ်ပေါ်တွင် အစိမ်းရောင်မြွေရေခွံအိတ် ၂ အိတ်အတွင်းမှ ပလတ်စတစ်အိတ်များဖြင့်ထည့်ထားသည့် ဘိန်းဖြူ ၁၅၄ ဒသမ ၈ ကီလို၊ အစိမ်းရောင်မြွေရေခွံအိတ် ၆ အိတ်အတွင်းမှ ပလတ်စတစ်အိတ်များဖြင့် ထည့်ထားသည့် ဘိန်းညိုမှုန့် ၁၅၀ ကီလို စုစုပေါင်း ဘိန်းဖြူအလေးချိန် ၂၉၈ ဒသမ ၈ ကီလို၊ ဘိန်းညိုမှုန့် အလေးချိန် ၂၀၀ ကီလို (ဒေသပေါက်ဈေး အရ ကျပ်သိန်းပေါင်း ၇၇၇၆၀)ခန့်ကို ဖမ်းဆီးရမိ ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
သို့ဖြစ်ရာ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူ ညီရိုင်း(၃၈) နှစ် နှင့် အချီ(ခ) လီခိုင်ဖုန်း (၃၆) နှစ်တို့ ၂ ဦး ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။