တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တရုတ်ဗဟိုစစ်ကော်မရှင် အဖွဲ့ဝင်၊ တရုတ်တပ်မတော် စစ်ဦးစီးချုပ် Gen. Fang Fenghui က ပေကျင်းမြို့က Ba Yi တပ်မတော် ခန်းမ မျက်နှာစာမှာ ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုလိုက်ပါတယ်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တရုတ်တပ်မတော်စစ်ဦးစီးချုပ်တို့ တွေ့ဆုံကြပြီး တပ်မတော်နှစ်ရပ် ခေါင်းဆောင်များ အပြန်အလှန်ချစ်ကြည်ရေးခရီးစဉ်ကိစ္စများ၊ မဟာဗျူဟာ အဆင့်ဆွေးနွေးညှိနှိုင်းမှုများ၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်း ရေး၊ အားကစား၊ ယဉ်ကျေးမှု၊ ဆေးပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စများ၊ လေ့ကျင့်ရေးဆိုင်ရာကိစ္စများနှင့်ပတ်သက်၍ ဆွေးနွေးကြောင်း မြဝတီသတင်းမှာ ဖော်ပြထားပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ရက်နေ့နံနက်ပိုင်းမှာ နေပြည်တော်မှ ယူနန်ပြည်နယ် ကူမင်းမြို့သို့ ထွက်ခွာသွားပြီးနောက် မနေ့က ပေကျင်းကို သွားရောက်ခဲ့ခြင်းဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြိးရဲ့ တရုတ်ပြည်ခရီးစဉ်ဟာ ၀ အမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော် (NDAA) ခေါ် မိုင်းလားအဖွဲ့အတွင်း စီးနင်းထားသည့် “ဝ” ပြည် သွေးစည်းညီညွှတ်ရေး တပ်မတော် (UWSA) တပ်များ ရုတ်သိမ်းပေးရန် တပ်မတော်က ရာဇသံ ပေးထားသည့် အချိန်နှင့် တိုက်ဆိုင်နေပါတယ်။