တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ယမန်နေ့ က ပေကျင်းမြို့ ပြည်သူခန်းမဆောင်မှာ တွေ့ဆုံပြီး နှစ်နိုင်ငံတပ်မတော် ၂ရပ်အကြား စစ်ဘက်ဆိုင်ရာ၊ ကာကွယ်ရေးပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ နှစ်နိုင်ငံနယ်စပ်တည်ငြိမ်ရေး စသည့် ကိစ္စရပ်များကို ဆွေးနွေးကြောင်း သိရသည်။
ထိုသို့တွေဆုံရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော် ၂ရပ်အကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု၊ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားမည်ဖြစ်ပြီး၊ နိုင်ငံချင်း၊ အစိုးရချင်း၊ ပါတီချင်း၊ တပ်မတော်ချင်း ဆက်ဆံရေးကို မြှင့်တင်ကာ ပိုမိုခိုင်မာအောင် လုပ်ဆောင်မည်ဖြစ်ကြောင်း၊ နယ်စပ်ဒေသ ပူးပေါင်းဆောင်ရွက်မှုတွင် အုပ်ချုပ်ရေး၊ စီးပွားရေးကဏ္ဍများစွာ ကျယ်ပြန့်ရာ နယ်စပ် ကုန်သွယ်မှုသာမက ပုံမှန်ကုန်သွယ်မှုများကိုပါ မြှင့်တင်ပေးနိုင်ပါက ပိုမိုအကျိုးရှိမည်ဖြစ်ကြောင်း၊ နယ်စပ် တည်ငြိမ်ရေးအတွက် နှစ်ဖက်အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် နှစ်ဖက်တပ်မတော်တို့ ပူးပေါင်းဆောင် ရွက်လျက်ရှိရာ အောင်မြင်မှုများရှိပါကြောင်း၊ ယခုထက်ပိုမိုအောင်မြင်စေရန် ကြိုးပမ်းဆောင်ရွက်သွားမည် ဟု ပြောဆိုခဲ့သည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်ကလည်း မိမိတို့နှစ်နိုင်ငံအကြား နက်ရှိုင်းသော ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုကို ဆက်လက်တိုးမြှင့်ဆောင်ရွက်ပြီး နှစ်နိုင်ငံပြည်သူလူထု ပိုမိုတိုးတက်ရေးကိုလည်း လိုလားကြောင်း၊ တပ်မတော် ၂ရပ်အကြား ကောင်းမွန်သည့် ဆက်ဆံရေးရှိပြီး ဆွေးနွေးညှိနှိုင်းမှုများကြောင့် ပူးပေါင်းဆောင်ရွက်မှု အလားအလာကောင်းများ ပိုမိုတိုးတက်ခိုင်မာမည်ဟု ယုံကြည်ပါကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုမြှင့်တင်ရန်ဆန္ဒရှိကြောင်း ပြောကြားသည်။
တရုတ်သမ္မတနှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံမှုမှာ တတိယအကြိမ်ဖြစ်ပြီး၊ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန်လည်း ဖိတ်ကြားခဲ့သည်ဟု သိရသည်။
ထို့အပြင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ Gen. Xu Qiliang နှင့်လည်း တွေ့ဆုံကာ နယ်စပ်ဒေသတည်ငြိမ်ရေး၊ လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု၊ တပ်မတော် ၂ရပ်အကြား ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးကြောင်း မြဝတီသတင်းက ဆိုသည်။