နိုဝင်ဘာ ၁ရက်နေ့မှ ၆ရက်နေ့တိုင်ပြုလုပ်မယ့် ၁၁ကြိမ်မြောက် တရုတ်အပြည်ပြည်ဆိုင်ရာ လေကြောင်းပြပွဲ (ဇူဟိုင်းလေကြောင်းပြပွဲ)ကို မနေ့က စတင်ဖွင့်လှစ်ခဲ့ရာ နိုင်ငံပေါင်း ၄၁နိုင်ငံမှ ကုမ္ပဏီပေါင်း ၇၀၀ ကျော် ပါဝင် ပြသခဲ့ပါတယ်။
ပြပွဲမှာ တရုတ်နိုင်ငံလုပ် ရေဒါနဲ့ ခြေရာခံမရနိုင်တဲ့ J-20 အမျိုးအစား စတဲလ်တိုက်လေယာဉ် ၂စီးလည်း ဝေဟင် မှာပျံသန်းကာ သရုပ်ပြခဲ့ပါတယ်။
၂၀၁၁ခုနှစ် ချန်ဒူးလေကြောင်းအုပ်စုက တည်ဆောက်ခဲ့တဲ့ အင်ဂျင် ၂လုံးတပ် J -20 ကိုယ်ပျောက် တိုက် လေယာဉ် ဟာ ခရီးရှည် ပျံသန်းနိုင် သလို၊ ရေဒါကိုလည်း ရှောင်နိုင်တဲ့ တိုက်လေယာဉ် ဖြစ်ပြီး ၊ ဒါဟာ ပထမဆုံးအကြိမ် လူသိရှင်ကြား ထုတ်ပြလိုက်တာဖြစ်သလို၊ မကြာမီ အမေရိကန်နဲ့ ဂျပန်တို့ရဲ့ ကိုယ်ပျောက် F-22 စတဲလ် တိုက်လေယာဉ်တွေ နဲ့ F-35 လေယာဉ်တွေ ပစ္စဖိတ်ဒေသမှာ ဖြန့်ကျက်တော့မယ့် အစီအစဉ်ကို တရုတ်က တန်ပြန်ပြသလိုက်တာဖြစ်ပါတယ်။
ဒါအပြင် တရုတ်လုပ် ကမ္ဘာ့အကြီးဆုံး ကုန်းရေ နှစ်ထွေသွား AG 600 အမျိုးအစား လေယာဉ်ကိုလည်း ပြသမှာ ဖြစ်တဲ့အပြင် Y-20 သယ်ယူပို့ဆောင်ရေးလေယာဉ်တွေကိုလည်း ပြသခဲ့သလို၊ တရုတ်နဲ့ ပါကစ္စတန်ပူးတွဲ ထုတ် လုပ်တဲ့ JF-17 B အမျိုးအစား ၂ယောက်စီး ဘက်စုံသုံး တိုက်လေယာဉ် ပုံစံသစ်ကိုလည်း ပြသခဲ့ပါတယ်။
ဒီလေကြောင်းပြပွဲမှာ ရှန်ဟိုင်းသိပ္ပံနဲ့ နည်းပညာ အကယ်ဒမီကလည်း ဝေဟင်မှ ဝေဟင် ပစ်ခတ်နိုင်တဲ့ အပူငွေ့ရှာ PL 10E(PL-10 WVRAAM) တာတိုပစ် ဒုံးကျည်တွေကိုလည်း ပြသခဲ့ပါတယ်။
PL-10 S အမျိုးအစား ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်ကို J-20 အမျိုးအစား စတဲလ်တိုက်လေယာဉ်မှာ တပ်ဆင် အသုံးပြုနေတယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံဟာ အဆင့်မြင့်စစ်လက်နက်ပစ္စည်းများ ထုတ်လုပ်လာရာမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁ရက်နေ့က ရှန်ယန်းပြည်နယ်မှာ ပြုလုပ်တဲ့၁၅ကြိမ်မြောက် တရုတ်အပြည်ပြည်ဆိုင်ရာ စစ်လက်နက်ပစ္စည်းပြပွဲမှာ Gyrfalcon လို လူသိများတဲ့ J -31 အမျိုးအစား ကိုယ်ပျောက် စတဲလ်တိုက်လေယာဉ်တွေကို ပြသခဲ့ပါတယ်။