ရွေးကောက်ခံ မြန်မာအစိုးရသစ်ကို ကူညီရာတွင် အစိုးရရော ပုဂ္ဂလိက ကဏ္ဍပါ “အပြည့်အဝ ထောက်ခံ”သွားမည်ဟု ယနေ့ နိုဝင်ဘာလ ၂ ရက် တိုကျိုမြို့၌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံအပြီး ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေ့က ပြောဆိုလိုက်သည်။
“ကျနော်တို့ အတူတကွ ဝေငှကြတဲ့ ကမ္ဘာ့စံတန်ဘိုးတွေ ဖြစ်တဲ့ လွတ်လပ်မှူ၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့အောက်မှာ သယ်ဆောင်ယူလာနေတဲ့ တိုင်းပြည်ပြန်လည်ထူထောင်ရေးကို ကျနော် လေးစားပါကြောင်း ထပ်လောင်း ဖွင့်ဟချင်ပါတယ်” ဟု ရှင်ဇိုအာဘေ့က ပြောဆိုကြောင်း ဂျပန်သတင်းဌာန ကျိုဒိုက ရေးသည်။
ဂျပန်အနေဖြင့် မြန်မာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးကဏ္ဍအတွက် ၅ နှစ်ကာလအတွက် ယန်းငွေ ဘီလီယံ ၈၀၀ (အမေရိကန်ဒေါ်လာ ၇ ဒသမ ၇၃ ဘီလီယံ) ထောက်ပံ့ကူညီမည် ဖြစ်ကြောင်းလည်း ဂျပန်မှ လာသော သတင်းများက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း ဂျပန်နိုင်ငံ၏ ထောက်ပံ့ကူညီမှုများကို အသိအမှတ်ပြုပါကြောင်း၊ ဂျပန်သည် မိတ်ဆွေကောင်းနှင့် ယုံကြည်ရသော လုပ်ဖော်ကိုင်ဘက်ဟု ယုံကြည်ကြောင်းနှင့် ဂျပန်-မြန်မာ ဆက်ဆံရေး သမိုင်းစာမျက်နှာသစ် ဖွင့်ပြီဖြစ်ကြောင်း ဆိုသည်။
၂၀၁၁ ခုနှစ်မှ စ၍ ဂျပန်သည် မြန်မာနိုင်ငံသို့ တရားဝင် ဖွံဖြိုးရေး အထောက်အပံ့ (ODA) များ ပြန်လည်ပေးအပ်ခဲ့ရာ ယန်း ဘီလီယံ ၄၀၀ (အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံ) ပေးခဲ့ပြီးဖြစ်သည်။ စက်တင်ဘာလအတွင်းကလည်း ယန်း ၁၂၅ ဘီလီယံ ချေးရန်လည်း အတည်ပြုခဲ့သည်။ ရထားလမ်း၊ ရေဖြန့်ဖြူးရေးနှင့် အခြား အခြေခံအဆောက်အဦးများ တည်ဆောက်ရေး ကူညီထောက်ပံ့ပေးနေသည်။
တိုကျိုမှ လာသောသတင်းများအရ ဂျပန်ကုမ္ပဏီကြီးများအား ဒေါ်အောင်ဆန်းစုကြည်က ကုန်ထုတ်လုပ်ရေးနှင့် စိုက်ပျိုးရေးကဏ္ဍများတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် တိုက်တွန်းနိုင်ကြောင်းလည်း သိရသည်။