ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ရတနာရောင်ခြည် ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီ မီးလောင်မှုသည် ပေါ့ဆမီး သာဖြစ်ပြီး တာဝန်ရှိသူကို အရေးယူနိုင်ရန်အတွက် အမှုဖွင့်ထားကြောင်း ဖားကန့် မြို့နယ် ရဲစခန်းက ဧရာဝတီသို့ ပြောသည်။
ဖားကန့်မြို့နယ် ရဲစခန်း က “ ကျနော်တို့ဆီမှာ အမှုဖွင့်ထားပါတယ်။ မီးလောင်မှုနဲ့ပတ်သတ်တဲ့ ပုဒ်မ ၂၈၅နဲ့ပါ။ ပေါ့ဆမီးပါ ။ ကုမ္ပဏီမှာက ယမ်းဖောက်ခွဲဖို့ ယမ်းဂိုဒေါင်တွေ ရှိတယ်။ အဲ့ဒါက ဆီကန်တွေနဲ့ နီးနီး လောင်တော့ ပေါက်ကွဲကုန်တာလေ” ဟု ပြောသည်။
အဆိုပါ မီးလောင်မှု ဖြစ်ပွားခြင်းနှင့် ပတ်သတ်၍ လက်နက်ကိုင်အဖွဲ့များ (သို့) တပ်မတော်သား အချို့က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း လူမှုကွန်ယက်တွင် သတင်းများ ထွက်ပေါ်နေသည့် သတင်းများမှာ မှန်ကန်မှုမရှိကြောင်း ဖားကန့်မြို့နယ် ရဲတပ်ဖွဲ့က ပြောသည်။
ရတနာရောင်ခြည် ကုမ္ပဏီက လုပ်ကွက်များအတွင်း ကျောက်စိမ်းတူးဖော်ရာ၌ အသုံးပြုသည့် ယမ်းများကို ကုမ္ပဏီအတွင်း သိုလှောင်ထားခြင်း ဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားရာ ယမ်းဂိုဒေါင်နှင့် စက်ယန္တရားသုံး ဆီဂိုဒေါင် တို့မှ ပေါက်ကွဲခြင်း ဖြစ်သည် ဟုဆိုသည်။
လက်ရှိတွင် ဖားကန့်မြို့နယ် ရဲတပ်ဖွဲ့က မီးလောင်မှုကို စစ်ဆေးနေဆဲ ဖြစ်ပြီး ကုမ္ပဏီမှ တာဝန်ရှိသူက မီးလောင်မှုနှင့် ပတ်သက်၍ အရေးယူခံရမည်ဟု သိရသည်။