ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းအစိုးရအဖွဲ့ဝင်များ ရာထူးမှနုတ်ထွက်ပေးရန် ယနေ့နံနက်ပိုင်းက သာယာဝတီမြို့တွင် လူ ၂၀ ခန့် ဆန္ဒပြတောင်းဆိုခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဝန်ကြီးချုပ်ဦးဝင်းသိန်း၊ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်လွင်၊ သစ်တောရေးရာဝန်ကြီး ဦးကျော်မင်းစံတို့ကို ရာထူးများမှ နုတ်ထွက်ပေးရန်နှင့် သာယာဝတီမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်ညွန်ကြားရေးမှူး ဦးအေးကျော်ကို တာဝန်မှရပ်စဲပေးရန် ဆန္ဒပြတောင်းဆိုခဲ့ခြင်းဖြစ်သည်။
သာယာဝတီမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့ပေါ်ရှိ လမ်းဘေးစျေးသည်တချို့ကိုသာရွေးပြီး စည်ပင်ဥပေဒေဖြင့် အရေးယူခဲ့သည့်အပေါ် ပဲခူးတိုင်း စည်ပင်ဝန်ကြီးကို စာ၊ လူကိုယ်တိုင်တွေဆုံ တိုင်ကြားခဲ့သော်လည်း အရေးယူပေးခြင်း မရှိသည့်အတွက် ဆန္ဒပြရခြင်းဖြစ်ကြောင်း ဦးဆောင်ဆန္ဒပြခဲ့သူ ရန်ကုန်- ပြည် ကားလမ်းမဘေး သစ်သီးရောင်းချသူ ဦးဆန်းတင်ဝေက ဧရာဝတီကိုပြောသည်။
“ကျူးကျော်သူအများကြီးထဲက သူတို့နဲ့အဆင်ပြေတဲ့စျေးသည်တွေကို လျစ်လျူရှုပြီး အဆင်မပြေတဲ့ စျေးသည်တွေကို ပုဒ်မ ၆၁ တို့ ရ၄ တို့ပြဌာန်းပြီးတော့ တရားစွဲတယ်၊ ဒဏ်ရိုက်တယ်။ ဒါကို စည်ပင်ဝန်ကြီးကို အားကိုးတကြီးတိုင်တယ်။ လူကိုယ်တိုင်တွေ့ဆုံပြီးတော့ အကူအညီတောင်းပါတယ်။ ဝန်ကြီးက သူ့ဝန်ထမ်းတွေရဲ့ ပြောဆိုတဲ့ လုပ်ထုံးလုပ်နည်း အတိုင်း လိုက်နာဆောင်ရွက်တဲ့အခါ ကျနော်တို့မှာ အားကိုးရာမဲ့ပြီး အများကြီးဆုံးရှုံးရတယ်” ဟု ဆန္ဒပြဦးဆောင်သူ ဦးဆန်းတင်ဝေက ပြောသည်။
ထို့ပြင် သာယာဝတီမြို့ပေါ်တွင် သစ်မှောင်ခိုကားများ ဖြတ်သန်းသွားလာနေသည့်အပေါ် အရေးယူဆောင်ရွက်မှုများ ပျက်ကွက်ခဲ့သည့် သစ်တောရေးရာဝန်ကြီးနှင့် တာဝန်အရှိဆုံးဖြစ်သည့် ပဲခူးတိုင်းဝန်ကြီးချုပ်တို့အား ရာထူးမှ နုတ်ထွက်ပေးရန် ဆန္ဒပြရခြင်းဖြစ်ကြောင်း သိရသည်။