အမေရိကန်ရွေးကောက်ပွဲမှာ ရီပတ်ဗလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်အနိုင်ရခဲ့ပြီးနောက် အိမ်နီးချင်း ကျူးဘားက နိုင်ငံတဝှမ်း စစ်ရေးလေ့ကျင့်ပြုလုပ်မယ်လို့ ကြေညာလိုက်ကြောင်း ကျူးဘားကွန်မြူနစ်ပါတီအာဘော် ဂရမ်မာသတင်းစာမှာ ဖော်ပြလိုက်ပါတယ်။
“ဘက်စတီယန်မဟာဗျူဟာ”လို့ အမည်ပေးထားတဲ့ စစ်ရေးလေ့ကျင့်မှုကို နိုဝင်ဘာ ၁၆ရက်မှ ၂၀ရက်နေ့တိုင် ပြုလုပ်မှာဖြစ်ပြီး၊ စစ်တပ်၊ ပြည်ထဲရေးနဲ့ တခြားသော လက်ရုံးတပ်တွေပါ ပါဝင်မှာဖြစ်တယ်လို့ ကွန်မြူနစ်ပါတီ သတင်းစာ ဂရမ်မာ၏ မျက်နှာဖုံး မှာ ဖော်ပြထားပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုကို ၁၉၈၀ခုနှစ် ရီပတ်ဗလစ်ကန်သမ္မတ ရော်နယ် ရေဂင်အနိုင်ရစဉ်က စတင်ကျင်း ပခဲ့တာဖြစ်ပါတယ်။
အခုပြုလုပ်မယ့် စစ်ရေးလေ့ကျင်မှုနဲ့ ပတ်သက်ပြီး ကျူးဘားအစိုးရ ကြေညာချက်မှာ စစ်တပ်များ လှုပ်ရှားမှု၊ လက်နက်ပစ္စည်းထောက်ပံရေး၊ လေယာဉ် များ ပျံသန်းမှုနဲ့ ပစ်ခတ်ပေါက်ကွဲမှုများ စတဲ့လေ့ကျင့်မှုကို ပြုလုပ်မှာဖြစ်တယ်လို့ ပြည်သူများကို သတိပေးထားပါတယ်။
ကျုးဘားအစိုးရကတော့ ဒီစစ်ရေးလေ့ကျင့်မှုနဲ့ ဒေါ်နယ်ထရမ့် အနိုင်ရခဲ့တာကို တိုက်ရိုက်ချိတ်ဆက် ပြောဆိုခြင်းမရှိပေမယ့်၊ ဒေါ်နယ်ထရမ့် မဲဆွယ်စဉ်ကာလက သမ္မတအိုဘားမားရဲ့ ပေါ်လစီကနေ ဖယ်ခွာမယ်လို့ ကတိပေးပြောကြားမှုနဲ့ ပတ်သက်နေတယ်လို့ ယူဆပါတယ်။
အိုဘားမားအစိုးရဟာ ၂၀၁၄နှစ်ကုန်မှာ ကျူးဘားအစိုးရနဲ့ ပုံမှန်ဆက်ဆံရေးပြန်စဖို့ စီစဉ်ခဲ့ပြီးနောက် ကျူးဘားအပေါ်ထားရှိတဲ့ စီးပွားရေးနဲ့ ခရီးသွားလာရေးအပေါ် ပိတ်ဆို့ထားမှုကို ပြန်လည်ဖြေလျော့ခဲ့ပါတယ်။
၂၀၁၅ခုနှစ်မှာတော့ နှစ်နိုင်ငံ သံရုံးများပြန်လည်ဖွင့်လှစ်က သံတမန်ဆက်ဆံရေး ပြန်စကာ ပြီးခဲ့တဲ့ မတ်လက သမ္မတအိုဘားမားဟာ ကျူးဘားနိုင်ငံကို သွားရောက်ခဲ့ရာ နှစ်ပေါင်း ၉၀အတွင်း ကျူးဘားကို ပထမဆုံးသွားရောက်တဲ့ အမေရိ ကန်သမ္မတ တဦးအဖြစ် နှစ်နိုင်ငံ ဆက်ဆံရေးကို ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။