အိမ်အကူ မြန်မာအမျိုးသမီးကို အဓမ္မပြုကျင့်မှုဖြင့် အသက် ၄၅ နှစ် အရွယ်ရှိ အိမ်ရှင် အမျိုးသားကို ထောင်ဒဏ် ၁၃ နှစ်နှင့် ကြိမ်ဒဏ် အချက် ၂၀ ပြစ်ဒဏ်ကျခံစေရန် စင်ကာပူတရားရုံးက နိုဝင်ဘာ ၁၄ ရက်နေ့က အမိန့်ချမှတ်ခဲ့ ကြောင်း စင်ကာပူ The Strait Times သတင်းတရပ်၌ ဖော်ပြထားသည်။
အဆိုပါ ပြစ်မှု ကျူးလွန်သူ အမျိုးသားသည် အရက်ဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီတခုတွင် အလုပ် လုပ်ကိုင်နေသူ ဖြစ်ပြီး ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်နေ့က အိမ်အကူ မြန်မာအမျိုးသမီးကို ၂ ကြိမ်တိုင် အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဖြစ်ပွားချိန်တွင် အမျိုးသား၏ ဇနီးနှင့် ကလေး ၂ ယောက်သည် ဟောင်ကောင်သို့ ရောက်ရှိနေကြပြီး မိခင်ဖြစ်သူမှာလည်း ပြည်ပသို့ ရောက်ရှိနေကြောင်း၊ တပတ်ကြာ ရုံးတင် စစ်ဆေးရာတွင် အိမ်ရှင်အမျိုးသားက ပြစ်မှု ကျူးလွန်ခြင်း မရှိကြောင်း ငြင်းဆိုခဲ့သော်လည်း ဖြစ်ပွားချိန်တွင် ၎င်းသည် အရက်မူးနေကြောင်းနှင့် တခြား သက်သေခံချက်များ အရ ပြစ်မှုကျူးလွန်သည်ဟု တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
စင်ကာပူနိုင်ငံတွင် ယင်းသို့ အိမ်အကူများအပေါ် အိမ်ရှင်၏ အဓမ္မပြုကျင့်မှု သတင်းများ ယခင်က ရေးသားဖော်ပြခြင်း မရှိပေ။
စင်ကာပူတွင် အလုပ်လုပ်ကိုင်နေသည့် ပြည်ပ အိမ်အကူ ၂ သိန်းကျော်ရှိနေပြီး၊ စင်ကာပူ ဥပဒေအရ ပြည်ပအိမ်အကူများသည် အသက် ၂၃ နှစ် ရှိရမည်ဟု သတ်မှတ်ထားသော်လည်း စင်ကာပူတွင် တချို့သော အိမ်အကူ မြန်မာ အမျိုးသမီးများမှာ အသက် ၁၅ နှစ် အရွယ်အထိ ငယ်ရွယ်ကြကြောင်း၊ အလုပ်အကိုင် ရရှိရေး အေးဂျင့်များက အသက် သတ်မှတ်ချက် ပြည့်မီရန် လိမ်လည်မှုများ ပြုလုပ်ခဲ့ကြောင်းနှင့် ယင်းသို့ အရွယ် မရောက်သေးသူ အိမ်အကူ မြန်မာ အမျိုးသမီးငယ်များသည် အကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရမှုများ ကြုံတွေ့နေရကြောင်း သတင်းများတွင် ဖော်ပြထားသည်။