အစိုးရက ကျင့်သုံးနေသည့် စျေးကွက် စီးပွားရေးစနစ်အရ တရိပ်ရိပ် တက်နေသည့် ကုန်စျေးနှုန်းများ ကျဆင်းလာရန် တိုက်ရိုက် ထိန်းချုပ်ရေး မဖြစ်နိုင်သောကြောင့် ကုန်စျေးနှုန်း ကျဆင်းရေး ဆောင်ရွက်ပေးနိုင်မည် မဟုတ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ သန်းမြင့်က ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် ပြောသည်။
ပတောင်းမဲဆန္ဒနယ်မှ ဒေါ်ခင်နှင်းသစ်က အရပ်ရပ် ကုန်စျေးနှုန်းများ တရိပ်ရိပ်တက်နေမှုအား ထိန်းချုပ်မည့် အစီအစဉ် ရှိမရှိ မေးခွန်းကို ပြန်လည် ဖြေကြားရာတွင် ဝန်ကြီးက အထက်ပါအတိုင်း ထည့်သွင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ဒေါက်တာ သန်းမြင့်က “စီးပွားကူးသန်း ဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး ပြည်နယ်အစိုးရများနှင့် ဆွေးနွေး၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးမည်။ ကုန်စျေးနှုန်းများကို အစိုးရက တိုက်ရိုက် ထိန်းချုပ် ဆောင်ရွက်ခြင်းမျိုး မပြုဘဲ ဝယ်လိုအား၊ ရောင်းလိုအား ပေါ်တွင် မူတည်၍ သတ်မှတ်ဆုံးဖြတ်ခြင်း ဖြစ်ပါသဖြင့် စျေးကွက် စီးပွားရေးစနစ်အရ အစိုးရက တိုက်ရိုက် ထိန်းချုပ်ရန် မသင့်ပါကြောင်း ရှင်းလင်း တင်ပြအပ်ပါတယ်” ဟု လွှတ်တော်တွင် ပြောကြားသည်။
ဝန်ကြီးသည် လွှတ်တော်ကိုယ်စားလှယ် ဖြေကြားသည့် မေးခွန်းကို တိုက်ရိုက်မဖြေကြားဘဲ စာရင်း အချက်အလက်များ၊ ကုန်စျေးနှုန်း တက်ရသည့် အကြောင်းအရင်းများစွာကိုသာ အချိန်ယူ ဖြေကြားနေသဖြင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက သတိပေးခဲ့ရသည်။
လက်ရှိတွင် ပြည်တွင်းလူသုံးကုန်၊ စားသုံးကုန်စျေးနှုန်းများမှာလည်း တရိပ်ရိပ်တက်လျှက်ရှိပြီး စက်သုံးဆီ၊ ဒေါ်လာနှင့် ရွှေစျေးနှုန်းများမှာလည်း တနေ့တခြား စျေးနှုန်းများ တက်လျက်ရှိသည်။