သတင်းတို

ရန်ကုန်တွင် ဆိုင်ကယ်စီးခွင့် မပြုနိုင်ဟု ပို့/ဆက်ဝန်ကြီး ပြော

ယာဉ်မတော်တဆမှုများ ဖြစ်ပွားနိုင်သဖြင့် ရန်ကုန်မြို့တွင် ဆိုင်ကယ် စီးနင်းခွင့် မပြုနိုင်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဒုဝန်ကြီး ဦးကျော်မျိုးက ယနေ့ ကျင်းပသည့် ပြည်သူ့ လွှတ်တော်တွင် ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဖြေကြားချက်ကို ကိုးကား၍ ရန်ကုန်မြို့ လူဦးရေ ထူထပ်သော ဆင်ခြေဖုန်း မြို့နယ်များတွင် ဆိုင်ကယ် စီးနင်းခွင့် ရရေးကို ခွင့်ပြုပေးမည် မဟုတ်ဘဲ လိုင်စင်လည်း ထုတ်ပေးနိုင်မည် မဟုတ်ကြောင်း၊ ၁၉၉၁ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ ဆိုင်ကယ်စီးနင်းခွင့် မပြုခဲ့ခြင်း ဖြစ်ကြောင်း ဦးကျော်မျိုးက ပြောသည်။

ရွှေပြည်သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဉာဏ်လင်းက ရွှေပြည်သာ မြို့နယ်၊ လှိုင်သာယာမြို့နယ် စသည့် မြို့သစ်များ နှင့် ယာဉ်ကြော ပိတ်ဆို့မှု မရှိသော မြို့နယ်များတွင် မော်တော်ဆိုင်ကယ် စီးနင်းခွင့် ပြုရန်နှင့် သက်ဆိုင်ရာ မြို့နယ်အလိုက် မော်တော် ဆိုင်ကယ် စီးနင်းခွင့် လိုင်စင်များ ပြုလုပ်ပေးရန် အစီအစဉ် ရှိ/မရှိ ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် မေးမြန်းခဲ့သည်။

“ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နမိတ်အတွင်း ခွင့်မပြု မရှိဘဲ မော်တော်ဆိုင်ကယ် စီးနင်းခြင်း၊ ဝင်ရောက်ခြင်း မပြုရဟု အမိန့်အမှတ် (၂/၂၀၁၄) နဲ့ ဆိုင်ကယ် စီးနင်းခွင့် တားမြစ်ခဲ့ရာ ရွှေပြည်သာ မြို့နယ်နဲ့ လှိုင်သာယာမြို့နယ်တို့ အပါအဝင် ဖြစ်ပါတယ်”ဟု ဦးကျော်မျိုးက ပြောသည်။

Loading