ရန်ကုန်တိုင်းဒေသကြီး၊ တွံ့တေးမြို့နယ် မိုင် ၂၀ အရှေ့ကျေးရွာနေ ကလေး ၃ ဦးကို သတ်ဖြတ်ခဲ့ကြောင်း ပယောဂဆရာ ထွန်းနိုင်က ယနေ့ နိုဝင်ဘာ ၁၈ ရက်နေ့ တရားရုံးတွင် ဝန်ခံပြောဆိုလိုက်သည်။
အသက် ၃၂ နှစ်ရှိ ပယောဂဆရာ ထွန်းနိုင်သည် အောက်တိုဘာ ၁၈ ရက်နှင့် ၁၉ ရက်နေ့က တွံတေးမြို့နယ်ရှိ ၃ နှစ်၊ ၂ နှစ်နှင့် ၈ လအရွယ် ကလေး ၃ ဦးကို သရဲဝင်ပူးနေသည်ဟုဆိုကာ ထိုးကြိတ်ရိုက်နှက်ကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် အလောင်းများကို ရေမျှောခြင်း၊ မြေမြှုပ်စေခြင်းများ ဆက်လက် ပြုလုပ်ခဲ့သည်။ အသက် ၄ နှစ်အရွယ် ကလေးတဦးကိုလည်း အပြင်းအထန် နှိပ်စက်မှုများ ပြုလုပ်ခဲ့သဖြင့် မိဘများနှင့် ကျေးရွာရှိ သူနာပြုဆရာမ အပါအဝင် တာဝန်ရှိသူအချို့က တိုင်ကြားခဲ့ကာ ရဲတပ်ဖွဲ့က ဖမ်းဆီးထားခြင်းဖြစ်သည်။
ထို့ကြောင့် ထွန်းနိုင်ကို ပုဒ်မ ၃၀၂၊ ၃၂၅၊ ၂၀၁ အရ တွံတေးမြို့မ ရဲစခန်းက အမှုဖွင့်ပြီး တရားစွဲဆို ကြားနာနေခြင်း ဖြစ်သည်။
ယနေ့ တွံတေးတရားရုံးတွင် ထွန်းနိုင်က မိမိစိတ်ကို မိမိမထိန်းနိုင်ခဲ့ကြောင်း ပြောဆိုသည်ဟု အေပီသတင်းတပုဒ်က ဆိုသည်။