ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အရေးကြီးအဆို ANP က တင်သွင်းမည်
လက်ရှိ ဖြစ်ပွားလျက်ရှိသည့် ရခိုင်ပြည်နယ် အရေးကိစ္စများကို အစိုးရအနေဖြင့် တည်ငြိမ်အေးချမ်းစွာ ဖြေရှင်းနိုင်ရန်အတွက် အရေးကြီး အဆိုတရပ်ကို ပြည်သူ့လွှတ်တော်တွင် တင်သွင်းရန် ရခိုင် အမျိုးသား ပါတီ(ANP)က ပြင်ဆင်လျက်ရှိကြောင်း ယင်းပါတီမှ ကျောက်ဖြူ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီးတွင် ဧရာဝတီသို့ ပြောသည်။
“ပြည်နယ်လုံခြုံရေး၊ ပြည်သူတွေ လုံခြုံရေးအတွက် ဒီရက်ပိုင်းအတွင်းမှာ တင်ပြမှာပါ။ ဘယ်လိုအဆိုမျိုးလည်း ဆိုတာတော့ အသေးစိတ် ပြောလို့ မရပါဘူး”ဟု ဦးဘရှိန်က ပြောသည်။
NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်တဦးကမူ ANP က တင်ပြမည့်အဆိုမှာ ရခိုင်ပြည်နယ် တည်ငြိမ်ရေး အတွက် ယင်းဒေသကို စစ်အုပ်ချုပ်ရေး ကြေညာရန် တောင်းဆိုခြင်းဖြစ်နိုင်ပြီး၊ ယင်းအဆိုကို ပြည်သူ့လွှတ် တော်သို့ တင်ပါက အဆိုအဖြစ်လက်ခံမည်မထင်ကြောင်း၊ မေးခွန်းအနေဖြင့်သာ မေးမြန်းခွင်ပြုလိမ့်မည် ထင်ကြောင်း ဧရာဝတီသို့ မှတ်ချက်ပေးပြောဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၉ ရက်နေ့မှ စတင်ကာ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ နယ်ခြားစောင့် ရဲစခန်းများကို အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီးနောက် ပြီးခဲ့သည့်တပတ်အတွင်းက တကျော့ပြန် ပြန်လည်ဖြစ်ပွားခဲ့ရာ မြန်မာတပ်မတော်မှ တပ်ရင်းမှူးကျဆုံးခဲ့ပြီးနောက် ရဟတ်ယာဉ်များဖြင့် ပစ်ခတ်နှိမ်နင်းခဲ့ရသည်။