ဂျပန်နိုင်ငံ၌ ပြင်းအား ၇.၃ မဂ္ဂနီကျု့ရှိ ငလျင် တခု ယနေ့နံနက်စောစောပိုင်းက လှုပ်ခတ်ခဲ့သဖြင့် ဆူနာမီ သတိပေးချက်ထုတ်ပြန်ထားကြောင်း NHK သတင်းကဆိုပါတယ်။
ဒေသစံတော်ချိန် မနက် ၆နာရီခန့်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ဖူကူရှီမားကမ်းခြေအနီးရှိ ဒေသခံ များကို ဆူနာမီဖြစ်ပေါ်နိုင်တဲ့အတွက် မြင့်တဲ့နေရာတွေကို ပြောင်းရွေ့ဖို့ အာဏာပိုင်တွေကတိုက်တွန်း ထားပါတယ်။
ငလျင်ဗဟိုချက်ဟာ အိုင်ဝါကီ၏ အရှေ့မြောက်ဖက် ၆၇ ကီလိုမီတာကို ဗဟိုပြုခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် ဘူမိတိုင်းတာရေးအဖွဲ့ကဆိုပါတယ်။ နောက်ဆက်တွဲငလျင်ငယ်များလည်း လှုပ်ခတ်နေပြီး၊ ဂျပန်အရှေ့ပိုင်းက ကျည်ဆန်ရထားပြေးဆွဲမှုကိုလည်း ရပ်ဆိုင်းထားရတယ်လို့ သိရပါတယ်။
နောက်ဆက်တွဲ ငလျင်များကြောင့် ဖူကူရှီးမား ကမ်းခြေ နျူကလီးယားလျှပ်စစ်ဓာတ်အားပေးစက်ရုံ တဝိုက်မှာတော့ ဆူနာမီ ရေလှိုင်းငယ်တွေ ရိုက်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဂျပန်မြေငလျင်တိုင်းတာရေးဌာနကလည်း ၁၀ပေမြင့်တဲ့ဆူနာမီလှိုင်းများဖြစ်နိုင်တယ်လို့ သတိပေးမှုတွေ ပြုလုပ် ထားပြီး၊ လက်ရှိ နောက်ဆုံးထုတ်ပြန်ချက်အရ ငလျင်ပြင်းအားဟာ ၆.၉ မဂ္ဂနီကျု့ရှိ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၁ခုနှစ် မတ်လက ပြင်းအား ၉ ရှိတဲ့ ငလျင်ကြောင့် ဂျပန်နိုင်ငံ ဖူကူရှီးမားဒေသက နျူကလီးယား ဓာတ်အားပေးစက်ရုံ ပျက်စီးကား ယိုစိမ့်မှု ဖြစ်ပေါ်ခဲ့ပါတယ်။
နယူးဇီလန် မြောက်ပိုင်းမှာလည်း ၅.၆ မဂ္ဂနီကျု့ရှိ ငလျင်တခုလှုပ်ခတ်သွားတယ်လို့ သိရပါတယ်။
တနင်္ဂနွေနေ့ကလည်း အာဂျင်တီးနားနိုင်ငံမှာ အနောက်ပိုင်းဒေသမှာ ပြင်းအား ၆.၄ မဂ္ဂနီကျု့ရှိ ငလျင်လှုပ်ခဲ့တာကြောင့် ပစ္စဖိတ်သမုဒ္ဒရာကမ်းခြေဒေသတွေမှာ ဆူနာမီအန္တရာယ်ကို စောင့်ကြည့်နေခဲ့ရပါတယ်။