မန္တလေးတိုင်း တံတားဦးမြို့နယ်၌ တည်ဆောက်နေသည့် မိုးလေဝသကြိုတင်သတိပေး ရေဒါတာဝါတိုင်စခန်း တည်ဆောက်ရေး လုပ်ငန်းများ လာမည့်နှစ်သြဂုတ်လအတွင်း ပြီးစီးမည်ဖြစ်ကြောင်း JICA အဖွဲ့မှ အကြံပေး Mr. Kenji KONNO က ပြောသည်။
မိုးလေဝသကြိုတင်သတိပေး ရေဒါတာဝါ တည်ဆောက်ရေး လုပ်ငန်းများကို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့က ပူးပေါင်းမှုဖြင့် ရန်ကုန်၊ မန္တလေးနှင့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တို့တွင် တည်ဆောက်နေခြင်း ဖြစ်သည်။
မိုးလေဝသကြိုတင်သတိပေး ရေဒါတာဝါသည် မြန်မာနိုင်ငံ၏ မိုးလေဝသ သဘာဝဘေးအန္တရာယ်ကို တိုင်းတာနိုင်သည့် ရေဒါစနစ်ဖြစ်သည်။ ရေဒါတာဝါစခန်း ၃ ခု စလုံး တပ်ဆင်မှုပြီးပါက ဘင်္ဂလားပင် လယ်အော်တွင် ဖြစ်ပေါ်သည့် မုန်တိုင်းများ မြန်မာ့ကမ်းရိုးတန်းကို ချဉ်းကပ်လာပါက မုန်တိုင်းအရွယ်အစား၊ မုန်တိုင်းဦးတည်ရာ၊ မုန်တိုင်းပြင်းအား၊ မုန်တိုင်းမိုးရွာသွန်းမှု အနေအထားများကို တိကျစွာသိရှိနိုင်ပြီး ကြိုတင်သတိပေးချက် ထုတ်ပြန်ချက်များ ပေးသွားနိုင်မည် ဖြစ်ကြောင်း Mr. Kenji KONNO က ပြောသည်။
ကျောက်ဖြူတွင် တည်ဆောက်သည့် ရေဒါတာဝါစခန်းကို ၂၀၁၄ ခုနှစ်တွင် စတင်တည်ဆောင်ခဲ့ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် တည်ဆောက်မှုများ ပြီးဆုံးခဲ့ကြောင်းနှင့် ရန်ကုန်တွင် တည်ဆောက်သည့် ရေဒါတာဝါစခန်းကို ၂၀၁၄ ခုနှစ် စက်တင်ဘာလက စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၆ ခုနှစ် အောက်တိုဘာတွင် ပြီးဆုံးခဲ့ကြောင်း JICA အဖွဲ့မှ သိရသည်။