ရခိုင်ပြည်နယ် မြောက်ပိုင်းက မွတ်ဆလင်များ အရေးနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှား နိုင်ငံသား ၂၀၀ခန့်ဟာ ဂျာကာတာမြို့ရှိ မြန်မာသံရုံးရှေ့မှာ ယနေ့ ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဂျာကာတာရဲတပ်ဖွဲ့ ပြောခွင့်ရ အဝီ ဆီတီယိုနိုက ဆန္ဒပြသူ ၂၀၀ခန့်ဟာ အုပ်စု ၃စုခွဲပြီး သံရုံးကို ချီတက်ဆန္ဒပြခဲ့ကြောင်း၊ သံရုံးကို ရဲတပ်ဖွဲ့ဝင်များက စောင့်ရှောက်ပေးခဲ့ကြောင်းဆိုပါတယ်။
ဆန္ဒပြသူများဟာ မွတ်ဆလင်များအပေါ် သတ်ဖြတ်မှုများ ရပ်၊ ရိုဟင်ဂျာများကို ကယ်တင်ပါ ဆိုတဲ့ စာတန်းများကို ကိုင်ဆောင်ထားကြပါတယ်။
အင်ဒိုနီးရှားဟာ ကမ္ဘာမှာ မွတ်ဆလင်ဦးရေအများဆုံးနိုင်ငံဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ရက်နေ့ညက ရခိုင်ပြည်နယ် မြောက်ပိုင်းက နယ်ခြားစောင့်ကင်းစခန်း များကို အကြမ်းဖက်သမားများက တိုက်ခိုက်ခဲ့ရာမှ စတင်ကာ ဘူးသီးတောင် မောင်တောဒေသတွင် မြန်မာအစိုးရတပ်များက စစ်ဆင်ရေးများပြုလုပ်ကာ အကြမ်းဖက်သမားများကို ရှာဖွေနှိမ်နင်း မှုများ ပြုလုပ်လျှက်ရှိပါတယ်။