မြန်မာနိုင်ငံက ပူးတွဲအိမ်ရှင် အဖြစ် လက်ခံကျင်းပနေသော ဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲမှ မလေးရှားနိုင်ငံ မနုတ်ထွက်ဟု အစိုးရအဖွဲ့က ဆုံးဖြတ်လိုက်ကြောင်း ကွာလာလမ်ပူမှ လာသော သတင်းများအရ သိရသည်။
ယင်းဆုံးဖြတ်ချက်သည် နိုဝင်ဘာ ၂၃ ရက်တွင် မလေးရှားနိုင်ငံ လူငယ်နှင့် အားကစား ဝန်ကြီး Khairy Jamaluddin က မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ မွတ်ဆလင်များအား တိုက်ခိုက်နေမှုကို ဆန္ဒပြသည့် အနေဖြင့် မလေးရှားအသင်း နုတ်ထွက်ရန် နိုင်ငံတော်အဆင့် မလေးရှား ဘာသာရေးခေါင်းဆောင် တဦး တောင်းဆိုခဲ့ပြီးနောက် အစိုးရထံ တင်သွင်း ဆုံးဖြတ်စေခြင်း ဖြစ်သည်။
နိုဝင်ဘာလ ၁၉ ရက်နေ့က စတင်ကျင်းပခဲ့သော အာဆီယံဘောလုံး အဖွဲ့ချုပ် (AFF) ကြီးမှူးကျင်းပသည့် ဆူဇူကီး ဖလား ဘောလုံးပြိုင်ပွဲမှ မွတ်ဆလင် လူများစုနိုင်ငံဖြစ်သည့် မလေးရှားက နုတ်ထွက်မည်ဆိုလျှင် အဖွဲ့ဝင် ၁၀နိုင်ငံပါ အာဆီယံအဖွဲ့ ကာလရှည်ကြာစွာ ကိုင်စွဲခဲ့သော ဝင်ရောက်မစွတ်ဖက်ရေး မူဝါဒနှင့် ဆန့်ကျင်သွားမည်ဖြစ်သည့်အပြင် AFF ၏ ဒဏ်တပ် အရေးယူမှုများနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
ပွဲစဉ် ဇယားအရ မလေးရှား ဘောလုံးအသင်းသည် မြန်မာအသင်းနှင့် မနက်ဖြန် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့၌ ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။