လူမှုကွန်ရက်များ၊ မိုဘိုင်းအယ်ပလီကေးရှင်းများမှတဆင့် အလုပ်အကိုင် ရှာဖွေရာတွင် အများစု လျှောက်ထား သူများသည် အမျိုးသမီးများဖြစ်ပြီး ၅၅ ရာခိုင်နှုန်း ရှိကြောင်း အွန်လိုင်းအလုပ်ရှာဖွေရေးဝက်ဘ်ဆိုက်ဖြစ်သည့် work.com. mm၏ ကောက်ယူထားသည့် အချက်အလက်များတွင် ဖော်ပြထားသည်။
အမျိုးသမီးများ အွန်လိုင်းမှတဆင့် အလုပ်အကိုင် ရှာဖွေမှုများလာခြင်းနှင့် ပတ်သက်ပြီး Work.com.mm ၏ Head of MarCom& PR ဖြစ်သူ Mr.Raphael Lachkarက “အမျိုးသမီးတွေက အွန်လိုင်းကို အမျိုးသား တွေထက် ပိုသုံးကြတယ်။ အမျိုးသားတွေ အွန်လိုင်းသုံးတဲ့ အချိန်ထက် ၁၄ ရာခိုင်နှုန်းလောက်ကို ပိုပြီး သုံးတယ်။ ဒါကြောင့် အွန်လိုင်းကိုသုံးပြီး ဆိုရှယ်မီဒီယာတွေကနေတဆင့် အလုပ်ပိုလျှောက်လာတာပါ”ဟု ပြောသည်။
အွန်လိုင်းမှတစ်ဆင့် အလုပ်အကိုင် လျှောက်ထားကြရာတွင် ၇၀ရာခိုင်နှုန်းမှာ လက်ကိုင်မိုဘိုင်းဖုန်းများကို အသုံးပြုကြပြီး ကျန် ၂၇ ရာခိုင်နှုန်းမှာ အိမ်သုံးကွန်ပျူတာမှတစ်ဆင့် လျှောက်ထားပြီး၊ ၃ရာခိုင်နှုန်းမှာ တက်ဘလက်(Tablet)ကို အသုံးပြု၍ အွန်လိုင်းမှ အလုပ်လျှောက်ထားခြင်းဖြစ်ကြောင်း Work.com.mm၏ အချက်အလက်များတွင် ဖော်ပြထား သည်။
လက်ရှိတွင် work.com.mm အွန်လိုင်းအလုပ်ရှာဖွေရေးဝက်ဘ်ဆိုက်သို့ အလုပ်တိုက်ရိုက်လျှောက်ထားသူ အရေအတွက် စုစုပေါင်း၏ ၂၀ရာခိုင်နှုန်းမှာ လူမှုကွန်ယက်မီဒီယာ အယ်ပလီကေးရှင်းများမှတစ်ဆင့် အလုပ်လျှောက်ထားသူများ ဖြစ်သည်။
အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုက်ဖြစ်သည့် work.com.mm သည် မြန်မာ၊ ကမ္ဗောဒီးယား၊ ဘင်္ဂလားဒေ့ရှ်နှင့် သီရိလင်္ကာနိုင်ငံ အပါအဝင် အာရှနှင့် အာဖရိကရှိ နိုင်ငံပေါင်း (၁၄)နိုင်ငံ၌ အွန်လိုင်း အလုပ်အကိုင်ရှာဖွေရေးလုပ်ငန်း အဖြစ် လုပ်ကိုင်လျှက်ရှိသည်။