ဒေါ်အောင်ဆန်းစုကြည် အင်ဒိုနီးရှားခရီးစဉ် ရွေ့ဆိုင်း
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စင်ကာပူနိုင်ငံသို့ နိုဝင်ဘာ ၃၀ ရက်နေ့တွင် သွား ရောက်မည်ဖြစ်ပြီး၊ အင်ဒိုနီးရှားခရီးစဉ်ကိုမူ လတ်တလော ရွေ့ဆိုင်းထား ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောဆိုချက်အရသိရပါတယ်။
အင်ဒိုနီးရှားခရီးစဉ်နှင့် ပတ်သက်၍ လတ်တလောရွေ့ဆိုင်းရခြင်းမှာ နှစ်နိုင်ငံအကြား ခရီးစဉ်နှင့် ပတ်သက်၍ ရက်သတ်မှတ်ရာတွင် ညှိနှိုင်းဆဲဖြစ်ပြီး လာမည့်လများ၌ ခရီးစဉ်စတင်နိုင်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောခွင့်ရသူ ဒေါ်အေးအေးစိုးက ဧရာဝတီကို ပြောပါတယ်။
“နှစ်ဦးနှစ်ဖက် ရက်အဆင်မပြေလို့ ရွေ့လိုက်တယ်၊ ဒီရက်ပိုင်း ရှမ်းပြည်နဲ့ ရခိုင်ပြည်မှာဖြစ်နေတာနဲ့ ပတ်သက် ပြီး ကိုယ်ပြည်တွင်းရေးကိုလည်း နိုင်ငံတော် အတိုင်ပင်ခံအနေနဲ့ အာရုံစိုက်နေတာကြောင့် လည်းပါတယ်၊ ဒါကြောင့် ကိုယ်ဘက်က အဆင်ပြေတဲ့ရက်နဲ့ သူ့ဘက်က အဆင်ပြေ တဲ့ရက် ပြန်ညှိရမယ်”ဟု သူကပြောပါတယ်။
ပြီးခဲ့သည့် ရက်ပိုင်းက အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာရှိ မြန်မာသံရုံးရှေ့၌ ရခိုင်ပြည်နယ်မြောက်ပိုင်း မွတ်ဆလင် များအရေးနှင့် ပတ်သက်ပြီး လာရောက်ဆန္ဒပြမှုများ ရှိခဲ့ပါတယ်။
“အင်ဒိုနီးရှားတခုထဲတင်မဟုတ်ဘူး တခြားနိုင်ငံက မြန်မာသံရုံးတွေ ရှေ့မှာလည်း လာရောက်ဆန္ဒပြတာတွေ ရှိပါတယ်၊ ဒါတွေကြောင့်တော့ မဟုတ်ပါဘူး ရက်မတိုက်ဆိုင်လို့ မသွားဖြစ်တာပါ၊”ဟု ဒေါ်အေးအေးစိုးက ဆက်ပြောပါတယ်။
ပြီးခဲ့သည့် ရက်ပိုင်းက အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်ရှိ မြန်မာသံရုံးနှင့် တခြားသော အစိုးရရုံးများကို ပစ်မှတ်ထား တိုက်ခိုက်မည့် အစ္စလာမ်မစ် စစ်သွေးကြွတဦးကို ဗုံးခွဲတိုက်ခိုက်ရာတွင် အသုံးပြုသော ပစ္စည်း အများအပြားနှင့် အတူ ဖမ်းဆီးထားကြောင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့မှ ထုတ်ပြန်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူခရီးစဉ်အတွင်း မြန်မာ- စင်ကာပူ သံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့် အထိမ်းအမှတ်အဖြစ် ပြုလုပ်သည့် Treasure of Myanmar Exhibition ပြပွဲကိုလည်း တက်ရောက်ဖွင့်လှစ် မှာဖြစ်ပြီး၊ ဒီဇင်ဘာ ၂ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည်ဖြစ်သည်။