အမေရိကန်သမ္မတအဖြစ် ရွေးကောက်ခံထားရသည့် ဒေါ်နယ်ထရမ့်က ဖိလစ်ပိုင်သမ္မတ ဒူတာတေးကို လာမည့်နှစ် အိမ်ဖြူတော်သို့ လာရောက်ဖို့ ဖုန်းဆက်ကာ ဖိတ်ခေါ်လိုက်သလို၊ သမ္မတ ဒူတာတေးက လည်း ဒေါ်နယ်ထရမ့်ကို ဖိလစ်ပိုင်နိုင်ငံကို လာဖို့လည်းအပြန်အလှန်ဖိတ်ခေါ်ခဲ့တယ်လို့ သိရပါတယ်။
သမ္မတ ဒူတာတေးရဲ့ အထူးအကြံပေး ခရစ်တိုဖာ ဂိုး၏ ပြောကြားချက်အရ ဒေါ်နယ်ထရမ့်နဲ့ သမ္မတဒူတာတေး ၂ဦးရဲ့ စကားပြောဆိုမှုဟာ ၇မိနစ်ကြာပြီး နှစ်နိုင်ငံ ဆက်ဆံရေးပိုမိုကောင်းမွန်အောင် တိုးမြှင့်လုပ်ဆောင်ဖို့လည်း ပါတယ်လို့ဆိုပါတယ်။
ဖိလစ်ပိုင်သမ္မတ ဒူတာတေး အာဏာရလာပြီးတဲ့နောက်မှာ မူးယစ်ဆေးဝါးနှိမ်နင်းမှုနဲ့ ပတ်သက်ပြီး အမေရိကန်၏ ပြောဆိုဝေဖန်မှုများနှင့် ပတ်သက်ပြီး အမေရိကန်သမ္မတ အိုဘားမားကို မိန်းမရွင်ရဲ့ သား၊ ခွေးမသား၊ ငရဲသွား စတဲ့ ရင့်သီးမိုက်ရိုက်းတဲ့ စကားလုံးတွေကို အသုံးပြုပြောဆိုခဲ့သလို၊ ဖိလစ်ပိုင်က အမေရိကန်စစ်သားတွေကိုလည်း ထွက်သွားဖို့ ပြောခဲ့ပါတယ်။
ဒါအပြင် အမေရိကန်နဲ့ စစ်ရေး၊ စီးပွားရေး အဆက်ဖြတ်ပြီး ရုရှား၊တရုတ်စတဲ့နိုင်ငံခေါင်းဆောင်တွေနဲ့ ဖက်လှဲတကင်းဆက်ဆံခဲ့ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက ပီရူးနိုင်ငံ လီမာမြို့မှာပြုလုပ်တဲ့ အာရှ-ပစိဖိတ်စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး (အေပက်) ကို တက်ရောက်ကာ၊ ရုရှားသမ္မတ ပူတင်နဲ့ တွေ့ဆုံကာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေဟာ ဗိုလ်ကျစိုးမိုးမှုပြုလုပ်နေတဲ့ ကြောင်သူတော်သာ ဖြစ်တယ်လို့ ဝေဖန်ခဲ့ပါသေးတယ်။