ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မွတ်ဆလင်များအရေးနှင့် ပတ်သက်ပြီး မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူမှာ ဝန်ကြီးချုပ် နာဂျစ် ရာဇတ်ကိုယ်တိုင်ဦးဆောင်ပြီး လူ ၁သောင်းခန့်ပါဝင်ကာ ဆန္ဒပြခဲ့ပါတယ်။
လာဘ်ပေးလာဘ်ယူမှု ငွေကြေးအရှုပ်တော်ပုံကြောင့် နာမည်ပျက်ပြီး လူကြိုက်နည်းလာတဲ့ နာဂျစ်ဟာ ရခိုင်ပြည် နယ်က မွတ်ဆလင်အရေးကို သူ့ရဲ့ နိုင်ငံရေးအတွက် အသုံးချတာဖြစ်တယ်လို့ ဝေဖန်ပြောဆိုမှုတွေလည်း ထွက် ပေါ်နေ တဲ့သူဖြစ်ပါတယ်။
သူပြောကြားတဲ့ မိန့်ခွန်းထဲမှာ သူ့အနေနဲ့ ရခိုင်က မွတ်ဆလင်အရေးကို ဆက်လက်လုပ်ကိုင်ဖို့ သံဓိဋ္ဌာန် ပြုခဲ့ပြီး၊ လူမျိုးတုန်း သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး ကမ္ဘာက ရပ်ကြည့်မနေနိုင်ကြောင်းလည်း ပြောဆိုပါတယ်။
ဝန်ကြီးချုပ် နာဂျစ်ဟာ ရခိုင်မွတ်ဆလင်အရေး ဆန္ဒပြဖို့ စည်းရုံးလှုံဆော်မှုတွေကို ပြီးခဲ့တဲ့ ရက်ပိုင်းထဲက ပြုလုပ်နေတာဖြစ် ပြီး၊ သူ့လုပ်ရပ်နဲ့ ပတ်သက်လို့ မြန်မာ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက မလေးရှားဝန်ကြီးချုပ်ဟာ အာဆီယံက ချမှတ် ထားတဲ့ တနိုင်ငံ ပြည်တွင်းရေး တနိုင်ငံ ဝင်ရောက်မစွက်ဖက်ရေးမူကို ချိုးဖောက်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် မလေးရှားဝန်ကြီးချုပ်ကတော့ မြန်မာပြည်တွင်းရေးကို ဝင်ရောက်စွက်တာမဟုတ်ပဲ၊ လူသားချင်းစာနာမှု တန်ဘိုး ကာကွယ်တာလို့ သူ့လုပ်ရပ်ကို ခုခံပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မလေးရှား- မြန်မာ အသက် ၂၂နှစ်အောက် ချစ်ကြည်ရေးဘောလုံးပွဲကိုလည်း မလေးရှားက ဖျက်သိမ်းခဲ့ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အကြမ်းသမားတွေက နယ်စပ်ရဲကင်းတွေကို တိုက်ခိုက် ခဲ့ရာ ရဲတပ်သား ၉ဦး ကျဆုံးခဲ့ပြီးနောက်မှာ မြန်မာအစိုးရက အဲဒီဒေသမှာ အကြမ်းဖက်သမား နှိမ်နင်းရေးတွေ ပြုလုပ်နေ တာဖြစ်ပါတယ်။
မလေးရှားဝန်ကြီးချုပ် ဆန္ဒပြနေချိန်မှာပဲ ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့ အဖွဲ့ဟာ ရခိုင်မြောက်ပိုင်းကို ရောက်ရှိနေပါတယ်။
ယခုဆန္ဒပြပွဲကို ဦးဆောင်တဲ့ ဝန်ကြီးချုပ် နာဂျစ်ဟာ သူ့ရဲ့ ဘဏ်စာရင်းထဲမှာ အမေရိကန်ဒေါ်လာ သန်း ၆၈၀ တွေ့ရှိခဲ့ပြီး နောက်မှာ အကျင့်ပျက်လာဘ်စားမှုဆိုတဲ့ စွပ်စွဲချက်တွေကြောင့် နှုတ်ထွက်ပေးဖို့ တောင်းဆိုခြင်းခံထားရသူဖြစ်ပါတယ်။