ရုရှားနိုင်ငံ ဒါဂက်စတန်ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသအတွင်းမှာ လာရောက်အခြေစိုက်ထားတဲ့ အစ္စလာမစ်အစွန်းရောက် IS အဖွဲ့ခွဲခေါင်းဆောင် အဘူမိုဟာမက်ဆိုသူကို ရုရှားအကြမ်း ဖက်နှိမ်နင်းရေး ဖက်ဒရယ်လုံခြုံရေးတပ်ဖွဲ့(FSB)က သတ်ဖြတ် လိုက်ကြောင်း ရုရှားသတင်းတွေက ဆိုပါတယ်။
Rustan Magomedovich Aselderov လို့အမည်ရ အဘူမိုဟာမက်ဟာ IS အဖွဲ့ခေါင်းဆောင်နဲ့ လည်း အဆက်အသွယ် ရှိသူဖြစ်ပြီး၊ သူနဲ့ စစ်သွေးကြွ ၄ဦးဟာ အဲဒီဒေသထဲက ကျေးရွာတခုမှ အိမ်တလုံးမှာ ပုန်းနေစဉ် ရုရှား အကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့က ပိတ်ဆို့ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
အဆိုပါတပ်ဖွဲ့တွေက လက်နက်ချဖို့ ပြောကြားပေမယ့် စက်သေနတ်တွေနဲ့ အကြမ်းဖက်ဖက် သမားတွေက စတင်ပစ်ခတ် လာတဲ့အတွက် ပြန်လည်ပစ်ခတ်ချေမှုန်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ရုရှားတပ်ဖွဲ့တွေဘက်ကတော့ သေဆုံး ဒဏ်ရာရ သူမရှိပါဘူး။
သူတို့ ပုန်းအောင်းရာနေရာမှ မောင်းပြန်ရိုင်ဖယ်တွေနဲ့ ကျည်ဆန်များ၊ ပေါက်ကွဲစေတတ်တဲ့ လက်နက်များတွေတယ်လို့ သိရပါတယ်။
အစ္စလာမ်မစ်အစွန်းရောက် အကြမ်းဖက်အဖွဲ့ ခေါင်းဆောင်ဟာ ၂၀၁၃ခုနှစ် ဒီဇင်ဘာ ၂၉ရက် က လူပေါင်း ၁၈ဦးသေဆုံး ကာ များစွာဒဏ်ရာရခဲ့တဲ့ ဗော်ဂိုဂတ်ဘူတာရုံ ဗုံးခွဲတိုက်ခိုက်မှုနဲ့ ဒီဇင်ဘာ ၃၀ ရက်နေ့ လူပေါင်း ၁၆ဦး သေဆုံးကာ ၂၅ ဦး ဒဏ်ရာရခဲ့တဲ့ ဗော်ဂိုဂတ် ထရော်လီဘတ်စ်ကားကို ဗုံးဖောက်မှုတွေမှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။
အလားတူ ၂၀၁၂ခုနှစ် မေလအတွင်းက လူပေါင်း ၄၀ သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့တဲ့ အက်စထရာကန် အဝေးပြေးလမ်းမှာဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲ ၂ကြိမ်မှာလည်း ပါဝင်ပတ်သက်သူလို့ သံသယရှိသူဖြစ်ပါတယ်။