ဆူဇူကီးဖလား ဆီမီးဖိုင်နယ် ပထမအကျော့ မြန်မာ-ထိုင်း ပွဲစဉ်တွင် ကွင်းဝင်ကြေးလက်မှတ်များ မှောင်ခို ရောင်းချသူ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၃ ဦးတို့ကို ရဲအက်ဥပဒေပုဒ်မ ၄၁/၁၆၊ ၄၁/၁၄ တို့ဖြင့် သင်္ဃန်းကျွန်း မြို့နယ် တရားရုံးက ယနေ့နေ့လည်ပိုင်းတွင် ထောင်ဒဏ် ၇ ရက်စီကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။
မြန်မာ- ထိုင်းပွဲစဉ်ကို ဒီဇင်ဘာ ၄ ရက်နေ့ ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ပြီး မြန်မာအသင်းက ထိုင်း အသင်း ကို ၂ ဂိုး၊ ဂိုးမရှိ ဖြင့်ရှုံးနိမ့်ခဲ့ကာ ပွဲစဉ်အတွင်း ဆူပူရမ်းကားသူ ၂၄ ဦးကိုလည်း ရဲတပ်ဖွဲ့ဝင်များက ခေတ္တ ဖမ်းဆီးထိန်းသိမ်းခဲ့ရပြီး ခံဝန်လက်မှတ်များ ရေးထိုးစေကာ မိဘများထံပြန်လည် အပ်နှံခဲ့ကြောင်း သိရသည်။
ယင်းပွဲစဉ်မှာပင် ကွင်းဝင်ပေါက်အနီး Crown ကိုယ်ပိုင်ယာဉ်ဖြင့် လူ့အသက်အန္တရာယ် ဖြစ်စေနိုင် သည့် ဓား၊ လေးဂွ လက်နက်များ သယ်ဆောင်လာသူ ၆ ဦးကို သင်္ဃန်းကျွန်း မြို့မရဲစခန်းမှ လက်နက် ဥပဒေပုဒ်မ ၁၉ (က)ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
အုပ်စု (ခ) နောက်ဆုံးပွဲစဉ်အဖြစ် နိုဝင်ဘာ ၂၆ ရက်ကယှဉ်ပြိုင်ကစားခဲ့သည့် မြန်မာ- မလေးရှား ပွဲစဉ်တွင် ဆူပူရမ်းကားသူ ပရိတ်သတ် ၁ ဦးကို ထောင်ဒဏ် ၇ ရက်ချမှတ်ခဲ့ပြီး ယင်းပွဲစဉ် လက်မှတ်များ မှောင်ခိုရောင်းချသူ ၄ ဦးကိုမူ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးက ဒဏ်ငွေကျပ် ၅၀ စီ ချမှတ်ခဲ့သည်။