မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်အနေဖြင့် လူထုအစည်းအဝေးတရပ် ဦးဆောင် ကျင်းပပြီး အခြေအမြစ်မရှိသည့် သတင်းများအပေါ် အခြေခံကာ မြန်မာအစိုးရအပေါ် ပြင်းထန်စွာစွပ်စွဲပြောကြားခဲ့မှုအပေါ် မြန်မာအစိုးရအနေဖြင့် အံသြစိတ်ပျက်မိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၇ ရက်နေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင် က မြန်မာနိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံ သံအမတ်ကြီး HE. Haniff Bin Abd Rahman အား ဒီဇင်ဘာ ၆ ရက်နေ့တွင် ဆင့်ခေါ်၍ ပြောဆိုခဲ့ကြောင်း သိရသည်။
ဒုတိယဝန်ကြီး ဦးကျော်တင် က “လူမျိုးသုဉ်းသတ်ဖြတ်မှု၊ လူမျိုးစုသုတ်သင်ရှင်းလင်းမှု စသည့် မဟုတ်မမှန် စွပ်စွဲချက်များကိုလည်း ကန့်ကွက်ခဲ့ပြီး ယင်းကဲ့သို့စွပ်စွဲချက်များသည် မြေပြင်ပေါ်ရှိ ပကတိ အခြေအနေများနှင့် လုံးဝကိုက်ညီမှုမရှိကြောင်းနှင့် ထိုသို့ တာဝန်မဲ့ပြောကြားမှုက လူ့အသိုက်အဝန်းနှစ်ခုအကြား ကွဲပြားမှုများကို ပိုမိုကြီးမားလာစေနိုင်ပြီး အစွန်းရောက် အကြမ်းဖက်ဝါဒကို နှိုးဆွပေးသည့် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာစေနိုင်ကြောင်း ပြောကြားခဲ့ပါသည်” ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။
ဝန်ကြီးချုပ် နာဂျစ်ရာဇတ်သည် ရခိုင်ပြည်နယ်မှ မွတ်ဆလင်များအရေး အကြောင်းပြ၍ ဒီဇင်ဘာ ၄ ရက်နေ့ က ကွာလာလမ်ပူ မြို့တွင် လူထုအစည်းအဝေး ပြုလုပ်ပြီး မြန်မာနိုင်ငံ အစိုးရအပေါ် ပြင်းပြင်း ထန်ထန် ဝေဖန်ခဲ့မှုများ ပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံအပေါ် အဖွဲ့အစည်းအချို့မှ ရည်ရွယ်ချက်ရှိရှိ ထိုးနှက် ဆောက်ရွက်နေသည့် မဟုတ်မမှန်သတင်းများဖြင့် ဝါဒဖြန့်မှုများကြောင့် နားလည်မှုလွဲမှားခြင်းမျိုး မဖြစ်ရန်လိုအပ်ကြောင်းနှင့် အာဆီယံ အဖွဲ့ဝင် နိုင်ငံများအကြား ပဋိပက္ခအငြင်းပွားမှုများ ဖြစ်ပေါ်လာပါက ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အလေးထား၍ ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်းသည့်မူကို စောင့်ထိန်းရန် အရေးကြီးကြောင်း ဒုဝန်ကြီးက မလေးရှား သံအမတ်ကို ပြောဆိုခဲ့သည်ဟုဆိုသည်။
ရခိုင်ပြည်နယ်မှ ပဋိပက္ခများနှင့် ပတ်သက်၍ ရန်ကုန်မြို့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန်က “လူမျိုးတုံး သတ်ဖြတ်မှု” ဆိုသည့် အသုံးအနှုန်းကို သတိထား၍ သုံးစွဲသင့်ကြောင်း ဒီဇင်ဘာ ၆ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။