အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ကို ဗဟိုပြုပြီး မနေ့က လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၆.၄ မဂ္ဂနီကျု့ရှိ ငလျင် ကြောင့် သေဆုံးသူ လူပေါင်း ၁၀၂ ဦးရှိသွားပြီဖြစ်ကြောင်း အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ် ကယ်ဆယ် ရေး အေဂျင်စီက ဆိုပါတယ်။ သေဆုံးသူအများစုဟာ ကလေးငယ်များ ဖြစ်တယ်လို့သိရပြီး၊ ဒဏ်ရာရသူ ပေါင်းကတော့ ၁၃၆ဦး ရှိတယ်လို့ ဆိုပါတယ်။
မနေ့ မနက် ၅နာရီ ၃မိနစ်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ အာချေးပြည်နယ် မြောက်ပိုင်းက Reuleut မြို့နဲ့ ၆မိုင်အကွာ ပင်လယ်ရေအောက် ၁၁မိုင်ခန့်မှာ လှုပ်ခတ်ခဲ့တာဖြစ်ပြီး၊ ဆူနာမီဖြစ်နိုင်တဲ့အလားအလာမရှိတဲ့ အတွက် သတိပေးချက်တွေတော့ မထုတ်ပြန်ခဲ့ပါဘူး။
ငလျင်ကြောင့် ဗလီတွေ၊ ဆိုင်တွေ၊ အိမ်တွေ စတဲ့အဆောက်အဦးပေါင်း ၁၀၀ကျော် ပြိုပျက်ခဲ့ပါတယ်။
အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီက ကူညီကယ်ဆယ်ရေးအဖွဲ့တွေကို အားချင်းသွားရောက်ဖို့ ညွှန်ကြားခဲ့သလို၊ နိုင်ငံ တကာအဖွဲ့အစည်းများကလည်း အကူအညီပေးဖို့ လုပ်ဆောင်နေပါတယ်။
၂၀၀၄ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဆူနာမီဖြစ်စဉ်မှာတော့ အင်ဒိုနီးရှားဟာ လူပေါင်း ၈သောင်းကျော် သေဆုံးခဲ့ရပြီး သန်းပေါင်းများစွာ အိုးအိမ်မဲ့ဖြစ်ခဲ့ရပါတယ်။