သက်မွေးပညာရေးနှင့် လေ့ကျင့်ရေး ကဏ္ဍဖွံ့ဖြိုး တိုးတက်လာစေရန် ရည်ရွယ်၍ ညနေပိုင်း အင်ဂျင်နီယာ ဒီပလိုမာ သင်တန်းများနှင့် ညနေပိုင်း အင်ဂျင်နီယာ သင်တန်းများကို ပြန်လည် ဖွင့်လှစ်တော့မည်ဖြစ်ရာ သင်ကြားရေးbဆရာ၊ ဆရာမ အင်အား လုံလောက်ချိန်တွင် ယင်းသင်တန်းများကို စတင်ဆောင်ရွက်မည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ဒု ဝန်ကြီး ဦးဝင်းမော်ထွန်းက ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောသည်။
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိုက်၏ ညနေပိုင်း အင်ဂျင်နီယာ သင်တန်းများဖြစ်သော E.T.E.C (ဒီပလိုမာ) နှင့် E.G.T.I (ဒီပလိုမာ) သင်တန်းများ ဖွင့်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းကို ပညာရေး ဒု ဝန်ကြီးက အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့သည်။
လက်ရှိတွင် အစိုးရ နည်းပညာ ကောလိပ်၊ အစိုးရ စက်မှုလက်မှုလက်မှု သိပ္ပံနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း စုစုပေါင်း ၅၆ ကျောင်းတွင် ပုံမှန်သင်တန်းများ ဖြစ်သည့် A.G.T.I ဒီပလိုမာ ၃ နှစ် သင်တန်းနှင့် G.T.H.S ၂ နှစ် သင်တန်းများကို သက်ဆိုင်ရာ အထူးပြု အင်ဂျင်နီယာ ဘာသာရပ်များအလိုက် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။