လက်ရှိမလေးရှားဝန်ကြီးချုပ် နာဂျစ်ဟာ “တိုင်းပြည်ကို ဖျက်ဆီးနေတယ်”လို့ မလေးရှားရဲ့ထင်ရှားတဲ့ နိုင်ငံရေးခေါင်းဆောင် ဝန်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမက်က ပြောလိုက်တယ်လို့ AFP သတင်းဌာနနဲ့ တွေ့ဆုံရာမှာပြောလိုက်ပါတယ်။
ဝန်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမက်က နာဂျစ်ဟာ ငွေကြေးအရှုပ်တော်ပုံဖြစ်နေတာတောင်မှ အာဏာကို ဖက်တွယ်ကာ တိုင်းပြည်ကို ဖျက်ဆီးနေတယ်၊ ဒါကြောင့်လည်း လာမယ့် ရွေးကောက်ပွဲ အတွက်ဆန့်ကျင်ရေးလှုပ်ရှားမှုတခု တက်တက်ကြွကြွပြုလုပ်ဖို့ သံဓိဋ္ဌာန်ချထားတယ်လို့လည်း ဆိုပါတယ်။
AFP နဲ့ တွေ့ဆုံရာမှာ အသက် ၉၁နှစ်ရှိပြီဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း မဟာသီယာက နိုင်ငံတော်ရဲ့ ရင်းနှီးမြုပ်နှံရေး ရန်ပုံငွေ(1MDB) ထဲက အမေရိကန်ဒေါ်လာသန်း ၈၀၀ကျော် နာဂျစ်ရဲ့ ဘဏ်စာရင်း ထဲရောက်နေတာနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပြီး ပြုတ်ကျအောင် ဖြုတ်ချမယ်လို့ လည်း ပြောဆိုလိုက်ပါတယ်။
အဲဒီငွေကြေးအရှုပ်တော်ပုံတွေကြောင့် ပြီးခဲ့တဲ့သြဂုတ်လအတွင်းက မလေးရှားမှာ လူပေါင်း ၂သိန်းခန့် နာဂျစ်နှုတ်ထွက်ရေးဆန္ဒပြမှုတွေဖြစ်ခဲပါတယ်။
နာဂျစ်ဟာ လာဘ်စားမှု ငွေကြေးအရှုပ်တော်ပုံနဲ့ ပတ်သက်ပြီး နိုင်ငံရေးသိက္ခာကျနေရာမှ ပြီးခဲ့တဲ့ ရက်ပိုင်းက ရခိုင်ပြည်နယ်မြောက်ပိုင်းက မွတ်ဆလင်အရေးဆိုကာ ဆန္ဒပြမှုပြုလုပ်တဲ့အတွက် ဝေဖန်သူတွေက ဒါဟာသူ့ရဲ့ နိုင်ငံရေးကိုယ်ကျိုးအတွက် ခုတုံးလုပ်ဆန္ဒပြတာဖြစ်တယ်လို့ ပြောဆို ကြပါတယ်။
အလားတူ ဝန်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမက်က နာဂျစ်ဟာ ဝန်ကြီးချုပ်တဦး အနေနဲ့ ဆန္ဒပြတာ မလုပ်သင့်ဘူး၊ ဆန္ဒပြတယ်ဆိုတာ အစိုးရအလုပ်မဟုတ်ဘူး၊ သံတမန်ဘောင် အတွင်းကသာ လုပ်သင့်တယ်လို့ ဝေဖန်ထောက်ပြခဲ့ပါတယ်။