ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးမြို့နယ်အတွင်း အစိုးရ တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းမှု ပြုလုပ်ရာတွင် ပျောက်ဆုံးနေသော ရဲတပ်ဖွဲ့ဝင်များအနက် ၁၂ ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီမှ ထုတ်ပြန်ထားသည်။
မုံးကိုးမြို့နယ်တွင် တပ်မတော်နှင့် မြန်မာပြည်မြောက်ပိုင်းမဟာမိတ်အဖွဲ့ (Northern Alliance – Burma) တို့အကြား နိုဝင်ဘာ ၂၀ ရက်နေ့က စတင်၍ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ထိုပဋိပက္ခ ကာလအတွင်း ရဲတပ်ဖွဲ့ဝင် ၁၆ ဦး အဆက်အသွယ် ပြတ်တောက် ပျောက်ဆုံးခဲ့ကြောင်း၊ ထိုအနက်မှ ၁၂ ဦးကိုတော့ ယခုကဲ့သို့ ရုပ်အလောင်းများသာပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် မုံးကိုးရဲစခန်း တိုက်ခိုက်ခံရမှုတွင် ကျန်းမာရေး မကောင်းသည့် ရဲတပ်ဖွဲ့ဝင်တဦး၏ ဇနီးဖြစ်သူနှင့် အခြားအရပ်သား တဦးပါသေဆုံးခဲ့ရကြောင်းလည်း သိရသည်။
နှစ်ဘက်တိုက်ပွဲများဖြစ်ပွားနေဆဲကာလအတွင်း မုံးကိုးမြို့ကို တပ်မတော်က စိုးမိုးမှုရယူနိုင်ခဲ့ပြီးသည့်နောက် အဆိုပါ ရဲတပ်ဖွဲ့ဝင် များ၏ ရုပ်အလောင်းများကို ယခုလ ၄-၅-၆ ရက်နေ့များက ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး အဆိုပါ ရုပ်အလောင်းများကို ရဲစခန်း၊ စာသင်ကျောင်းနှင့် လယ်ကွင်းပြင်တို့၌ တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။