သမိုင်းဝင် အမွေအနှစ်များကို ထိန်းသိမ်းရင်း ကောင်းမွန်သော အနာဂတ်ကို ဖန်တီးရန်ဟူသည့် ရည်ရွယ်ချက်ဖြင့် သက်ဝင်လှုပ်ရှား ရန်ကုန်မြို့၏ လမ်းမများ (Yangon Living Street Experience – 2016) ပွဲတော်ကို ရန်ကုန်မြို့တွင် ပထမဦးဆုံး အကြိမ် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း ယနေ့ မြို့တော်ခန်းမတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
ယင်းပွဲတော်ကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) နှင့် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့မှ ပူးပေါင်း လုပ်ဆောင်ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် မဟာဗန္ဓုလပန်းခြံလမ်း နှင့် ဘဏ်လမ်းတို့၌ ညနေ ၅ နာရီမှ ည ၉ နာရီအထိ ကျင်းပသွားမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ပွဲတော်ဖွင့်ပွဲကို ဒီဇင်ဘာ ၁၀ ရက် ညနေ ၅ နာရီမှ ၆ နာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး အမျိုးသားအနုပညာနှင့် ယဉ်ကျေးမှု တက္ကသိုလ်မှ ကျောင်းသူ ကျောင်းသားများနှင့် အနုပညာရှင်များ၏ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အကအလှများ၊ ဖျော်ဖြေတင်ဆက်မှု အစီအစဉ်များ၊ မြန်မာ့ရိုးရာ လက်မှုအနုပညာခန်းများနှင့် ဆိုင်ခန်းများ ပါဝင်မည်ဖြစ်ကြောင်း၊ ပွဲတော်ကျင်းပရာ လမ်းများနှင့် သစ်ပင်များတွင် ရောင်စုံမီးပုံးများဖြင့် မီးအလှဆင်ခြင်း၊ သမိုင်းဝင် အဆောက်အဦ တချို့ကို မီးအလှဆင်ခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း JICA မြန်မာ တာဝန်ရှိသူ တဦးက ပြောသည်။
ရန်ကုန်မြို့တော်၏ သမိုင်းနှင့် ပတ်သက်သော၊ သမိုင်းအမွေအနှစ် အဆောက်အဦးများနှင့် ပတ်သက်သည့် ပြခန်းများကို ရန်ကုန်နည်းပညာ တက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်နှင့် နည်းပညာ တက္ကသိုလ် (သန်လျင်) မှ ကျောင်းသူ ကျောင်းသားများက ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ (YHT) ၏ ပူးပေါင်းလမ်းညွှန် ကူညီမှုဖြင့် ပြသသွားမည်ဖြစ်ပြီး ယင်းတက္ကသိုလ်များမှ နားလည်တတ်ကျွမ်းသော ကျောင်းသူကျောင်းသား လမ်းညွှန်များမှ ဦးဆောင်၍ ပွဲတော်သို့ လာရောက်သူများကို ပွဲတော် အနီးဝန်းကျင်ရှိ သမိုင်းနေရာများသို့ လိုက်လံ ပို့ဆောင်ပေးမည် ဖြစ်ကြောင်း သိရသည်။